ယခုနှစ်မှာ ကျင်းပမယ့်၂၀၁၈ ခုနှစ် အကယ်ဒမီဆုချီးမြှင့်ခြင်း အခမ်းအနားမှာတော့ ရွှေကြိုများအဖြစ် အနုပညာရှင်များရဲ့ မျိုးဆက်သစ် သားသမီးတွေကို ရွေးချယ်ခဲ့ကြပါတယ်။ ရွှေကြို အမျိုးသမီးတွေအနေနဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ရဲ့ တူမ မေတိုးခိုင်၊ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီး သဇင်ထူးမြင့်၊ သရုပ်ဆောင် မြင့်မြင့်ခင်ရဲ့မြေး ဝတ်မှုံသန့်နဲ့ မျိုးဆက်သစ် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ နန်းရွှေရည်နဲ့ ဆောင်းယွန်းစံတို့ ဖြစ်ပါတယ်။
ရွှေကြို မောင်မယ်များကို ယနေ့၊ မတ်လ ၆ ရက်နေ့၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှာ အကယ်ဒမီ ရန်အောင်နဲ့ မေသန်းနုတို့က အစမ်းလေ့ကျင့်ပေးနေပြီ ဖြစ်ပါတယ်။ အစမ်းလေ့ကျင့်တဲ့အပေါ် ရွှေကြိုမယ်များက သူတို့ အတွေ့အကြုံတွေ အခုလိုပဲ ပြောပြထားပါတယ်။
သဇင်ထူးမြင့်
“တက်ညီလက်ညီနဲ့ မောင်နှမတွေ တိုက်ကြတာ ပျော်ဖို့ ကောင်းပါတယ်။ အခက်အခဲကတော့ မျက်လုံးချင်း ဆုံပြီး ကြည့်တာ အခက်အခဲလေးတွေ ရှိတယ်။ မရင်းနှီးသေးတာလည်း ပါမယ်။ နောက်ပိုင်း တိုက်တာတော့ အဆင်ပြေပါတယ်။ အစကတော့ ရှက်နေတယ်။ နောက်တော့ သိပ်မရှက်တော့ဘူး။ ဦးရန်လေးနဲ့ အန်တီဆင့်က ရှက်မနေဘဲ စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင်လေးဖြစ်အောင် သင်ပေးတယ်။ ရပ်တာက ဒေါက်နဲ့ ယိုင်နေတယ်။ စိတ်လှုပ်ရှားတော့ ပိုယိုင်တယ်။ အဲဒါလေးတော့ သေချာပြင်ဆင်သွားမယ်”လို့ သရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်က ပြောပါတယ်။
ဝတ်မှုံသန့်
“ဒီရွှေကြို ပါဝင်ရတော့ ဘဝရဲ့ မှတ်တိုင်တခု ဖြစ်သွားတယ်။ ဒီနေ့ စလေ့ကျင့်တော့ ဖိနပ်နဲ့ အခက်အခဲတွေ့တာပေါ့။ အမြင့်နဲ့ လျှောက်နေကျ မဟုတ်တော့ အဲဒါလေး တခုပါပဲ။ ကိုရန်အောင်နဲ့ မဆင့်တို့ကလည်း သေချာသင်ပေးပါတယ်။ ပညာလည်း ရတယ်။ ညီမက ရှက်မနေဘဲ ရယ်ချင်တယ်။ အဲဒါတော့ ထိန်းထားရတယ်။ စင်ပေါ်မှာ အဆင်ပြေအောင် အခုကတည်းက ကိုယ်နဲ့ တွဲရမယ့် သူနဲ့တော့ စကားတွေ ပြောဖြစ်တယ်။ ဖေဖေက ဘေးကနေ အမှား၊ အမှန်ကို ပြောပြပြီး ကူညီပေးပါတယ်”လို့ သရုပ်ဆောင် မြင့်မြင့်ခင်ရဲ့ မြေး ဝတ်မှုံသန့်က ပြောပါတယ်။
နန်းရွှေရည်
“ဒီနေ့ အတွေ့အကြုံ ကိုရန်အောင်နဲ့ မဆင့်တို့ကလည်း သေချာသင်ပေးတာကြောင့် ပညာတွေ ထပ်တိုးပါတယ်။ လမ်းလျှောက်တဲ့ အပိုင်းတွေကိုလည်း သေချာသင်ယူရတယ်။ အခုလို ပါရတာလည်း အရမ်းဝမ်းသာတယ်။ အရင် ဗန်းကိုင်ခေါ်ကတည်းက လျှောက်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့တယ်။ အခုဒီနှစ်တော့ ပါခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာရတယ်”လို့ မျိုးဆက်သစ် သရုပ်ဆောင် နန်းရွှေရည်က ပြောပါတယ်။
ဆောင်းယွန်းစံ
“အစမ်းလေ့ကျင့်တာ အရင်ကရှိုးတွေ လျှောက်ဖူးပေမယ့် အခု လျှောက်ရမှာတော့ အရမ်းရင်ခုန်တယ်။ အမှားအယွင်း ဖြစ်မှာလည်း ကြောက်တယ်။ ကိုယ် ရွှေကြို ဖြစ်ဖို့ ၁၉ ၊၂၀ တုန်းက ကြိုးစားခဲ့တယ်။ မရနိုင်ဘူးလို့ ထင်တဲ့အချိန်ကျမှ လုပ်ရတော့ အဲ့ခံစားချက်က ဘာနဲ့မှ လဲလို့ မရဘူး။ အဲဒီအချိန်တုန်းက စိတ်ဓာတ်ကျပြီး လှည့်သွားရင် အခုလို ပါဝင်ရမှာ မဟုတ်ပါဘူး။ အဲ့အချိန်ကတည်းက ကြိုးစားပြီး အနုပညာကို လျှောက်ခဲ့တယ်”
“အဲ့အတွက် ဒီအခွင့်အရေးကို လက်ဆောင်အဖြစ် ရခဲ့တယ်။ အဲ့အတွက် ဒီရွှေကြိုနေရာလေးကို ကိုယ် ၅ နှစ်လောက် ကြိုးစားခဲ့လို့ ရတာဖြစ်တဲ့အတွက် ဒီနေရာလေးက မထိုက်တန်ဘူးလား။ ကိုယ်ကြိုးစားခဲ့တဲ့အတွက် ရရှိခဲ့တာကြောင့် ဒီနေရာလေးကိုတော့ ခံစားခွင့်ပေးပါလို့ ပြောချင်ပါတယ်။ စင်ပေါ်မှာ စိတ်ငြိမ်အောင် အခုရက်ပိုင်းကတည်းက ပုတီး စိပ်တယ်။ တရား ထိုင်တယ်။ အမှားအယွင်း မရှိအောင် ကြိုးစားသွားမှာပါ”လို့ သရုပ်ဆောင် ဆောင်းယွန်းစံက ပြောပါတယ်။
၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကြီးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့၊ ရန်ကုန်မြို့ The One Entertainment မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရုပ်ရှင်ထူးချွန်ဆု ၁၁ ဆုကနေ ၁၃ ဆုကြား ပေးအပ်သွားမယ်လို့ သိရပါတယ်။
The post ၂၀၁၈ ခုနှစ် အကယ်ဒမီအတွက် ရွှေကြိုမယ်များရဲ့ ရင်ခုန် စကားသံများ appeared first on ဧရာဝတီ.