အဆိုတော် မင်းသွေး၊ ညီမင်းခိုင်၊သားငယ်တို့ ၃ ဦး ပူးပေါင်းသီဆိုထားတဲ့”ပထမသုံး”တေးစီးရီး မိတ်ဆက်ပွဲကို မတ်လ ၆ရက်နေ့က ရန်ကုန်မြို့မှာရှိတဲ့ Country Home ဆိုင်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခွေမှာတော့ မင်းသွေး မကွယ်လွန်ခင်က သီဆိုထားခဲ့တဲ့ သီချင်း ၂ ပုဒ်၊ သားငယ်က ၃ ပုဒ်၊ ညီမင်းခိုင်က ၃ ပုဒ်၊ အဖွဲ့လိုက် တပုဒ်၊ စုစုပေါင်း ရောခ့်သီချင်း ၉ ပုဒ် ပါဝင်ပါတယ်။
မင်းသွေးရဲ့ နောက်ဆုံး တေးစီးရီးခွေလို့ ပြောလို့ရတဲ့ “ပထမသုံး”တေးစီးရီး စာနယ်ဇင်းပွဲကို အစ်ကိုဖြစ်သူ သရုပ်ဆောင် နေတိုးကလည်း ညီလေးငယ် ကိုယ်စား တက်ရောက် ရှင်းလင်း ပြောကြားပေးခဲ့ပါတယ်။
ဒီစာနယ်ဇင်းပွဲကို တက်ရောက်လာတာနဲ့ ပတ်သက်ပြီး နေတိုးက”အခုက မင်းသွေး မရှိတော့တဲ့ အချိန်ဖြစ်တယ်။ သူရှိနေသေးတယ်ဆိုရင်လည်း ဒီပွဲကိုတက်ပေးဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နဲ့ ညီအစ်ကို အရင်းလိုလည်း ခင်ရတဲ့ ညီမင်းခိုင်ဆိုရင် သီချင်းတွေရေးတယ်။ ဆိုတယ်။ သားငယ်ဆိုရင်လည်း ကျနော်တို့ ငယ်ငယ်လေးကတည်းက ထိန်းကျောင်းလာတဲ့ ကလေးလိုဖြစ်နေတယ်။ သူတို့သုံးယောက်ပေါင်းထုတ်တဲ့အခွေဆိုတော့ ဒီအခွေကို ကျနော်အရမ်းလည်း အားပေးတယ်။ ကျနော်တို့ ရခိုင်ပြည်နယ် မာန်အောင်ကျွန်းမှာနေထိုင်တဲ့ တေးသံရှင် နှစ်ယောက်ရဲ့အခွေဆိုတော့ ကျနော်တို့ ကိုယ့်အမျိုးတွေ ကိုယ်စားလည်း ဂုဏ်ယူမိတယ်”လို့ ပြောပါတယ်။
Image may be NSFW.
Clik here to view.
“ပြီးတော့ ဒီအခွေမှာပါတဲ့သီချင်းတွေအားလုံးကလည်း သူတို့ကိုယ်တိုင် ဖန်တီးထားကြတာဆိုတော့ ကျနော်ပိုပြီ းအားပေးတယ်။ ဒီအခွေနဲ့ပတ်သက်ပြီးလည်း တခြားပံ့ပိုးကူညီမှုတွေ အများကြီးလုပ်ပေးသွားဖို့ ရှိတယ်။ လောလောဆယ် လုပ်ထားတာတွေလည်း ရှိတယ်ပေါ့နော်။ ဒီပွဲကို ညီလေးငယ်ကိုယ်စား လာတယ်ဆိုတာထက်ကို ကျနော်ကိုယ်တိုင် လာချင်တယ်။ အားပေးတယ်။ ပရိသတ်ကို ဒီအခွေနဲ့ ပတ်သက်ပြီး ပြောပြချင်တာတွေလည်းရှိလို့ လာခဲ့တာပါ”လို့ နေတိုးက ပြောပါတယ်။
မင်းသွေးနဲ့တကျွန်းတည်းသား အဆိုတော် သားငယ်ကလည်း “ဒီအခွေလုပ်တဲ့အချိန်မှာ အငြင်းအခုံပိုင်းကတော့နည်းပါတယ်။ သုံးယောက်စလုံးက ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြတာ။ ဒါပေမယ့် စုစုဝေးဝေးတော့လုပ်ကြတာပေါ့။ အကြံဉာဏ်ပေးကြတာတွေတော့ ရှိတာပေါ့။ များသောအားဖြင့်တော့ ကိုယ့် Idea နဲ့ ကိုယ် လုပ်ကြတာ များတယ်။ ကျနော်ဆိုရင်လည်း ကျနော့်သီချင်းပိုင်းကို ဂစ်တာကာလာကအစ တီးဝိုင်းကိုဂျီးများပြီး ရအောင်တီးခိုင်းခဲ့တာ”လို့ ပြောပါတယ်။
“တီးဝိုင်းအဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။ မင်းသွေးနဲ့ ပတ်သက်တဲ့ အမှတ်တရကတော့ အများကြီးပါပဲ။ ဒီအခွေကိုလည်း သူပဲ ဦးဆောင်တာ ဆိုတော့လေ။ သူလည်းအားတဲ့သူ မဟုတ်၊ ညီမင်းခိုင်လည်း အားတဲ့သူ မဟုတ်။ ငွေကြေးပိုင်းအနေနဲ့လည်း ကျနော်တို့်မှာ မလိုပါဘူး။ မင်းဘယ်လောက် စိုက်၊ ငါဘယ်လောက်စိုက် ဆိုတာမျိုးလည်း မရှိဘူး။ မိသားစုစိတ်ဓာတ်နဲ့ပဲ လုပ်ကြတာ။ မင်းသွေးက သီချင်းနဲ့ ပတ်သက်လို့တော့ သင်ပြပေးတာမျိုး မရှိဘူး။ ဒါပေမယ့် ဒီလောကနဲ့ ပတ်သက်လို့တော့ အကုန်ပြောပြ ၊သင်ပြပေးတယ်”
“ဒီနေ့သူသာ ရှိနေမယ်ဆိုရင် ဟေ့ကောင်တွေ အခွေထွက်ပြီဆိုပြီး ပျော်၊ အော်နေမှာပေါ့။ သူမရှိနေတော့ စိတ်မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့ မငိုရုံတမယ်ပါပဲ”လို့ သားငယ်က ဆိုပါတယ်။
Image may be NSFW.
Clik here to view.
“ပထမသုံး”စီးရီးထဲမှာ အဖွဲ့လိုက်သီဆိုထားတဲ့ ‘သာလီစွ’သီချင်းက အခွေမထွက်ခင်ကတည်းက ပရိသတ်သိနေတဲ့သီချင်းလည်းဖြစ်ပါတယ်။ တေးစီးရီးTitle ကို မင်းသွေးပေးခဲ့တဲ့အတိုင်း အမှတ်တရပေးထားတယ်လို့ သိရပါတယ်။
“ဒီ Title က သူဘယ်လို အဓိပ္ပာယ်နဲ့ ပေးလဲတော့ ကျနော်တို့ မသိဘူး။ မမေးဖြစ်လိုက်ဘူး။ ကျနော်တို့အမျိုးမျိုး ယူလို့ရတယ်။ ပရိသတ်တွေလည်း ယူချင်သလို ယူလို့ရတယ်။ သူ့ခံစားချက်နဲ့ပေးခဲ့တာ ဆိုတော့ ကျနော်တို့ တန်ဖိုးထားတာပါ။ အမှန်အတိုင်းပြောရရင် ကျနော်နဲ့ ညီမင်းခိုင်က သူစပြောတော့ ဒီနာမည်ကို အကြိုက်ကြီးထဲမှာ မပါဘူးဗျ။ တမျိုးပဲပေါ့နော်။ အခုတော့ သူပေးခဲ့တာဆိုတော့ သိပ်ရှည်ရှည်ဝေးဝေးမတွေးတော့ဘဲ အမှတ်တရ ပေးလိုက်တယ်”လို့ သားငယ်က ပြောပြပါတယ်။
“ပထမသုံး”တေးစီးရီးကို မတ်လ ၉ ရက်နေ့မှာ The Sum Music Production ကနေ ဖြန့်ချိမှာဖြစ်ပါတယ်။ နေတိုးက “ပထမသုံး” Music Video အတွက်လည်း ပံပိုးကူညီပေးဦးမှာပါလို့ ဧရာဝတီကို ပြောပါတယ်။
The post အခွေနာမည်ကို မင်းသွေးပေးခဲ့တဲ့အတိုင်း တန်ဖိုးထားပြီးပေးထားတဲ့ “ပထမသုံး” appeared first on ဧရာဝတီ.