Marvel ကနေ ထုတ်လုပ်လိုက်တဲ့ “Captain Marvel” ရုပ်ရှင်ဟာ အခုဆိုရင် ကမ္ဘာတဝန်းမှာ ရှိတဲ့ ဒေသ တော်တော်များများမှာ ပြသနေပြီဖြစ်ပြီး မြန်မာနိုင်ငံမှာကတော့ မနက်ဖြန်ကစလို့ ပြသသွားမယ်လို့ သိရပါတယ်။ လောလောဆယ်တော့ ဝင်ငွေ ဒေါ်လာ သန်း ၃၅၀ လောက်ရရှိဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။
မင်းသမီး Brie Larson က မင်းသား Samuel L. Jackson နဲ့အတူ ပါဝင်ထားတဲ့ အဲဒီ့ Disney ရုပ်ရှင်အတွက် ကနဦးခန့်မှန်းချက် တွေမှာဆိုရင် မြောက်အမေရိကဒေသမှာ ဒေါ်လာ သန်း ၁၅၀ ဝင်ငွေ ရနိုင်ပြီး တခြားနိုင်ငံရပ်ခြား ဒေသတွေမှာ ဒေါ်လာ သန်း ၂၀၀ ဝင်ငွေ ရရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါဟာ ကနဦးဝင်ငွေ ဒေါ်လာ သန်း ၁၀၀ ရရှိခဲ့တဲ့ အမျိုးသမီးဒါရိုက်တာ Patty Jenkins ရဲ့ “Wonder Woman” ရုပ်ရှင်ထက်ကို ကျော်လွန်သွားခဲ့တာပါ။ ဒါတင်မကသေးဘူး။ “Justice League” နဲ့ “Deadpool 2” ရုပ်ရှင်တွေရဲ့ ကနဦးရုံဝင်ငွေကို ကျော်တက်နိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။
Deadline မီဒီယာရဲ့ အဆိုအရ “Captain Marvel” ရုပ်ရှင်ရဲ့ ကနဦးလက်မှတ်ရောင်းချရမှုအခြေအနေဟာ ပြီးခဲ့တဲ့နှစ် ဧပြီလက ရုံတင်ခဲ့တဲ့ “Avengers: Infinity War” ရုပ်ရှင်ထက် ကျော်လွန်နေခဲ့တာကို တွေ့ရ့ါတယ်။ ဒါ့အပြင် ရုပ်ရှင်ဝေဖန်ရေး ဆရာတွေရဲ့ အကောင်းမြင်မှတ်ချက်ကို ရရှိထားပြီး ရုပ်ရှင်သုံးသပ်တဲ့ ဝက်ဘ်ဆိုက်ဖြစ်တဲ့ Rotten Tomatoes မှာ ၈၆ ရာခိုင်နှုန်းနဲ့ အဆင့်သတ်မှတ်ခံထားရတာကိုလည်း မြင်တွေ့ရပါတယ်။
အခုရုပ်ရှင်ကို ဟောလိဝုဒ်မှာ ပြီးခဲ့တဲ့ မတ်လ ၄ ရက်ညက ပြုလုပ်ခဲ့ပြီး များမကြာမီ ကမ္ဘာတဝန်းလုံးမှာ ပြသသွားတော့ မှာပါ။ “Captain Marvel” ရုပ်ရှင်ကို မတ်လ ၆ ရက်နေ့မှာ ပြင်သစ်၊ အီတလီနှင့် တောင်ကိုရီးယား၊ မတ်လ ၇ ရက်နေ့မှာ ဂျာမနီ၊ ရုရှား၊ ဘရာဇီး၊ အမေရိကန်နဲ့ သြစတြေးလျတို့မှာစတင်ပြသနေပြီဖြစ်ပါတယ်။ ယူကေ၊ စပိန်၊ မက္ကစီကိုနဲ့ တရုတ်နိုင်ငံတို့မှာတော့ လာမယ့် မတ်လ ၈ ရက်နေ့ကစလို့ စတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။
Ref: aceshowbiz
The post ပွဲဦးထွက်ဝင်ငွေကောင်းနေတဲ့ ‘Captain Marvel’ ရုပ်ရှင် appeared first on ဧရာဝတီ.