မကြာခင် ကျင်းပမယ့် ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီး မတိုင်ခင် “အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု”အတွက် ပရိသတ်တွေကြား ရေပန်းစားနေတဲ့ သရုပ်ဆောင်တွေက နေတိုး၊ ဇဏ်ခီ၊ မြင့်မြတ်၊ ခိုင်ထူးသာနဲ့ အလင်းရောင်တို့ဖြစ်ပါတယ်။
သူတို့တွေ ပါဝင်ထားတဲ့ ရုပ်ရှင် ဇာတ်ကားတွေဟာလည်း ဆန်ခါတင် ၂၅ ကားထဲမှာ ပါဝင်ထားပါတယ်။ အဲဒီ ၂၅ ကားမှာ နေတိုးက ၄ ကား၊ အလင်းရောင် ၅ ကား၊ ဇဏ်ခီ ၂ ကား၊ မြင့်မြတ် ၁ ကားနဲ့ ခိုင်ထူးသာ ၁ ကားတို့ အသီးသီး ပါဝင်ထားကြပါတယ်။ အဲဒီ ရုပ်ရှင် ၂၅ ကားကတော့
(၁) ကာဗွန်ဒိုင် အောက်ဆိုဒ်
(၂) ဝိညာဉ်စိမ်း
(၃) ဒုဋ္ဌဝတီကို လွန်၍
(၄) ငါ့ကို နမ်းတဲ့ မုန်တိုင်း
(၅) ငယ်ကျွန်
(၆) ဥပါဒါန်
(၇) မုန်းစွဲ
(၈) ရွှေကြာ
(၉) သမ္မတကြီးထံ ပေးစာ
(၁၀) ပြည်ထောင်စု သစ္စာ
(၁၁) ဇာတိမြေ
(၁၂) မှော်ဝင်သမန်းကျား
(၁၃) လရောင်ဖြာတဲ့ အင်းလေးမှာ
(၁၄) ဥပါယ်တံမျဉ်
(၁၅) မုဒြာရဲ့ ခေါ်သံ
(၁၆) ကြတ်ဂူ
(၁၇) နောင်တွင် ဥဒါန်း တွင်စေသတည်း
(၁၈) ငဒူ
(၁၉) မျက်နှာပြင်များ
(၂၀) မီ
(၂၁) တိမ်တိုက်တံတား
(၂၂) ရန်သူ
(၂၃) သတို့သမီး
(၂၄) ကိုယ်စောင့်နတ်
(၂၅) မိုးပန်းပွင့်တို့ရဲ့ သင်္ကေတ စတဲ့ ရုပ်ရှင် ဇာတ်ကားများ ဖြစ်ပါတယ်။
သရုပ်ဆောင် နေတိုးဟာ ပါဝင်တဲ့ “လရောင်ဖြာတဲ့ အင်းလေးမှာ”၊ “တိမ်တိုက်တံတား”၊ “မီ” ၊ “မုန်းစွဲ” အဲဒီ ၄ ကားလုံးမှာ ကာရိုက်တာတိုင်း ပီပြင်စွာ သရုပ်ဆောင်ထားပြီး အကယ်ဒမီ တကား မဟုတ် တကားနဲ့ ရမယ်လို့ ပရိသတ်များရဲ့ ထင်ကြေးပေးခံနေရသူပါ။ အဓိက သူပါဝင်ထားတဲ့ “မုန်းစွဲ” ဇာတ်ကားနဲ့ အကယ်ဒမီ ရနိုင်ကြောင်း ပရိသတ်များက ထင်ကြေး ပေးထားကြပါတယ်။
အကယ်ဒမီနဲ့ ပတ်သက်ပြီး “ကျနော်အနုပညာလောကကို လျှောက်လှမ်းလာတာ အခု ၂ဝ၁၉ ခုနှစ်ဆို မှတ်မှတ်ရရ ၁၉ နှစ်ရှိပြီ။ နှစ်တွေ အများကြီး အားပေးကြတယ်။ အားပေးလို့လည်း ကျနော်ကြိုးစား ခွင့်ရခဲ့တယ်။ ပရိသတ်လိုချင်တဲ့ အနုပညာတွေ ပရိသတ်ကြည့်ချင်တဲ့ ရုပ်ရှင်တွေကို ကျနော် ကြိုးစားခွင့်ရခဲ့သလို ပရိသတ်အားပေးမှုကြောင့်လည်း ယနေ့အချိန်ထိ အခုလို ရပ်တည်ခွင့်ရခဲ့တယ်”
“ကျနော့်ကို အကယ်ဒမီပွဲနီးတိုင်း အမြဲတမ်းလိုလို ခန့်မှန်းပေးကြတယ်။ ပရိသတ်ခန့်မှန်းပေးကြသလို ကျနော် ရှေ့နှစ်တွေမှာ ဆုတွေလည်း ရခဲ့တယ်။ အဲဒီလိုမျိုးပဲ တနှစ်နဲ့ တနှစ် ခံစားမှုတွေက မတူကြဘူး။ ဒီနှစ်မှာလည်း ရင်ခုန်ခွင့်ရှိတဲ့ ဇာတ်ကားတွေ ပါလာတဲ့အခါကြတော့ ကျနော့်အနေနဲ့ ဝမ်းသာတယ်။ အကယ်ဒမီဆိုတာ ရခြင်း၊ မရခြင်း ဆိုတာထက် ကျနော့် အနေနဲ့ အမြဲ တမ်း ကြိုးစားနေမယ်”လို့ နေတိုးက ပြောပါတယ်။
“ဒီအကယ်ဒမီ ဆုရခဲ့သည်ဖြစ်စေ၊ မရခဲ့သည်ဖြစ်စေ၊ ပရိသတ်အတွက် အမြဲတမ်း ကျနော်ဘက်က ဒီထက်မက ကောင်းသည်ထက်ကောင်းအောင် ကြိုးစားသွားမှာပါ။ ဆုရဖို့အတွက် ဆုတောင်းပေးနေတဲ့ ပရိသတ်ကြီးရဲ့ ဆန္ဒတွေလည်း ပြည့်ဝပါစေ။ အကယ်ဒမီဆု ရပါစေဆိုပြီး ဆုတောင်းပေးနေတဲ့ သူတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်”လို့ နေတိုးက ဆိုပါတယ်။
ဇဏ်ခီ ပါဝင်ထားတဲ့ “ဥပါယ်တံမျဉ်” ၊ “မုဒြာရဲ့ ခေါ်သံ” ဇာတ်ကားနှစ်ကားဆိုရင်လည်း ပရိသတ်တွေ အတွက် ရသသစ်ကို ပေးစွမ်းနိုင်ခဲ့ပြီး ပရိသတ်တွေ အကြိုက်တွေ့ခဲ့ရတဲ့ ဇာတ်ကား၂ကားပါ။
အဲဒီ ဇာတ်ကား၂ကားနဲ့ အကယ်ဒမီ ရနိုင်ကြောင်း ပရိသတ်တွေက ထင်ကြေးပေးတဲ့အပေါ် ဇဏ်ခီက “ကျနော်တို့ ဇာတ်ကား နှစ်ကား အကယ်ဒမီ စာရင်းဝင်ပေမယ့် အရမ်း မမျှော်လင့်ထားပါဘူး။ ကားကောင်း တွေကလည်း များတယ်လို့ကြားတယ်။ အားလုံး ကြိုးစာထားကြတယ်။ ကျနော်တို့ ဇာတ်ကား စရိုက်ကတည်းက ဘာဆုရရမယ် ဆိုပြီး မရှိဘဲ အကောင်းဆုံး ကြိုးစားကြတာပေါ့”
“ပရိသတ်ကြိုက်ရင် ကျေနပ်တယ်။ ဆုပေးရင်တော့ ဆုက တကယ်တမ်းတော့ လူတဦး တယောက်ကို ပေးတာထက် လမ်းကြောင်းတခုကို မီးမောင်းထိုးပြတာဖြစ်တဲ့အတွက် သူတို့ ဘယ်လမ်းကြောင်းကို မီးမောင်းထိုးမလဲ ကျနော်တို့ ကြည့်ရမှာပေါ့။ ကျနော် ကိုယ်တိုင်လည်း အသစ်ဆိုတော့ ဘာဆုမှ မမှန်းထားပါဘူး။ ကျနော့် ပရိသတ်တွေ အရမ်းမမျှော်လင့်ကြပါနဲ့” လို့ သရုပ်ဆောင် ဇဏ်ခီက ဆိုထားပါတယ်။
သရုပ်ဆောင် မြင့်မြတ်ရဲ့ ပရိသတ်တွေကတော့ မြင့်မြတ်ကို “ငဒူ”ဇာတ်ကားနဲ့ အကယ်ဒမီအတွက် ရင်ခုန်နေကြပါပြီ။ မြင့်မြတ်က ဟာသတင်မက ဒရာမာ ဇာတ်ကားများကို လည်း ပီပြင်စွာ သရုပ်ဆောင်နိုင်သူပါ။ မြင့်မြတ်က မနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ အကယ်ဒမီ ပေးပွဲမှာ “အမှောင်တွေ ရွာချတဲ့ မိုးတိမ်” (ကျွန်) ဇာတ်ကားနဲ့ “အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆု”ကို ရရှိထားပါတယ်။
သရုပ်ဆောင် အလင်းရောင်ကတော့ “ကာဗွန်ဒိုင်အောင်ဆိုဒ်”၊ “ရွှေကြာ”၊ “သမ္မကြီးထံပေးစာ”၊ “သတို့သမီး” ၊ “နောင်တွင်ဥဒါန်းတွင် စေသတည်း” စတဲ့ ဇာတ်ကားတွေနဲ့ အကယ်ဒီ ဆန်ခါတင် စာရင်းထဲမှာ ပါဝင်ထားပါတယ်။ အကယ်ဒမီနဲ့ ပတ်သက်ပြီးလည်း ခံစားချက်ကို အလင်းရောင်က အခုလိုပဲ ဆိုပါတယ်။
“အကယ်ဒမီနဲ့ ပတ်သက်ပြီး ရင်ခုန်မှုကတော့ သိပ်မရှိပါဘူး။ ဇာတ်ကား၂၅ ကားမှာ ၅ ကားက အကယ်ဒမီစာရင်း ဝင်တယ်။ အဲ့ ၅ ကားလုံးကို လည်း အကောင်းဆုံး ကြိုးစာထားတယ်။ ဒီနှစ်က ကားကောင်းတွေလည်းအရမ်းများတယ်။ အကုန်လုံးကလည်း သရုပ်ဆောင် တော်ကြတယ်။ အကုန်လုံးကလည်း ကြိုးစားကြတယ်”
“ကျနော် လုပ်ကွက်တွေ ကောင်းကောင်း ရတာကတော့ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ဇာတ်ကားတို့ “သတို့သမီး” ဇာတ်ကားတို့ပါ။ ကျနော့်ကို ပရိသတ်တွေက အကယ်ဒမီ မှန်းပေးကြလို အတိုင်းမသိ ဝမ်းသာရပါတယ်။ အကယ်ဒမီတော့ အသစ်တယောက်အနေနဲ့ မမှန်းရဲသေးပါဘူး” လို့ အလင်းရောင် ဧရာဝတီကို ပြောပါတယ်။
ခိုင်မြဲသာကတော့ “ဥပါဒါန်” ဇာတ်ကားမှာ ရဟန်းအစစ်နဲ့ တူအောင် သရုပ်ဆောင်ထားတာတဲ့ နေရာမှာ ပီပြင်တာကြောင့် ပရိသတ်တွေက အကယ်ဒမီရနိုင်ကြောင်း ထင်ကြေးပေးထားကြပါတယ်။
ခိုင်ထူးသာက အကယ်ဒမီနဲ့ ပတ်သက်ပြီး “ ဥပါယ်ဒါန် ဇာတ်ကားထဲက ဇာတ်ကောင်အတွက် ကျနော် စိတ်လှုပ်ရှားပါတယ်။ သရုပ်ဆောင်အသစ် တယောက်အနေနဲ့ ကျနော် အများကြီး မျှော်လင့်မထားပါဘူး။ တကားတည်း ရတဲ့ ကံရှိလား၊ မရှိလား မပြောတတ်ဘူး။ ရရင်တော့ အတိုင်းထက် အလွန်ပါ။ ဘာမှတော့ မမျှော်လင့်ထားပါဘူး။ အကယ်ဒမီဆိုတာ အဝေးကြီးမှာပဲ လိုသေးတယ်လို့ ကျနော့် အနေနဲ့ တွက်ထားပါ” လို့ ဆိုပါတယ်။
အခု ဖော်ပြပေးခဲ့တာတွေကတော့ အမျိုးသား ဇာတ်ဆောင်ဆုအတွက် ရေပန်းစားနေတဲ့ သရုပ်ဆောင်တွေရဲ့ စကားသံတွေပဲ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီပေးပွဲကြီးကို မတ်လ ၂၃ ရက်နေ့၊ ရန်ကုန်မြို့၊ The One Entertainment Park မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်
၂၀၁၈ အကယ်ဒမီ “အမျိုးသမီး ဇာတ်ဆောင်ဆု”အတွက် တစ်ပြေးနေတဲ့ မင်းသမီးများ
The post အကယ်ဒမီ “အမျိုးသား ဇာတ်ဆောင်ဆု” ရေပန်းစားနေတဲ့ မင်းသားတွေရဲ့ စကားသံများ appeared first on ဧရာဝတီ.