ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေး (၉) ကြိမ်မြောက် အစည်းအဝေးအပြီးမှာတော့ ဆောင်ရွက်ပြီးမှု အခြေအနေနဲ့ ဆက်ပြီး လိုအပ်တဲ့ အချက်တွေကို ဆွေးနွေးဖြစ်ပြီး၊ ဝန်ကြီးဌာနကနေ လိုအပ်တာတွေ ကူညီဖို့ ထပ်ပြီး ဆွေးနွေးဖြစ်တယ်လို့ လူမင်းက ပြောပါတယ်။
“အောင်ဆန်း ရုပ်ရှင်အတွက် ၉ ကြိမ်မြောက် အစည်းအဝေးပါ။ ကျနော် ဆောင်ရွက်ပြီးမှု အခြေအနေနဲ့ ဆက်ပြီး လိုအပ်တဲ့ အချက်တွေကို ဆွေးနွေးတယ်။ ဝန်ကြီးဌာနကနေ လိုအပ်တာတွေ ကူညီဖို့ ထပ်ပြီးဆွေးနွေးတယ်။ လက်ရှိ အခြေအနေကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်အတွက် လိုအပ်တဲ့ မိတ်ကပ် Test တွေ ပြီးပြီ။ ကိုယ်တိုင်းတွေနဲ့ ချုပ်ပြီးပြီ။ ဇာတ်ပို့၊ ဇာတ်ရံတွေကို ခေါ်ထားတာတွေကို ရွေးချယ်သွားဖို့ ရှိတယ်”လို့ လူမင်းက ပြောပါတယ်။
ဗိုလ်ချုပ်ရုပ်ရှင်ကို ဒါရိုက်တာအဖြစ် ရိုက်ကူးမယ့် လူမင်းအနေနဲ့ အမြန်ဆုံး ရိုက်နေအောင် ကြိုးစားနေပြီး ဇာတ်ညွှန်းပိုင်းကို ယခုနှစ် ၄ လပိုင်း အကုန်မှာ ပြီးဖို့ မှန်းထားတယ်လို့လည်း ဆိုပါတယ်။
“ဘယ်တော့ စရိုက်မှာလဲဆိုတဲ့ မေးခွန်းအတွက် အမြန်ဆုံး ရိုက်နိုင်အောင် ကြိုးစားနေပါတယ်။ ၄ လပိုင်း အကုန်မှာ ဇာတ်ညွှန်းပြီးဖို့တော့ မှန်းထားတယ်။ ၄ လပိုင်း လကုန်လောက်တော့ ရိုက်မယ့်နေ့ကို အကြမ်းဖျင်း ပြောလို့ရပါပြီ။ ဗိုလ်ချုပ်အတွက် ဝတ်စုံတွေကိုလည်း အတိအကျတွေ လုပ်ထားတယ်။ အသေးစိတ် ချုပ်ရိုး ချုပ်သားတွေကအစ၊ ဗိုလ်ချုပ် စီးတဲ့ ကားတွေပါ သေချာလေး လုပ်ထားတယ်။ ဒီဇိုင်နာတွေကလည်း အသေးစိတ် လုပ်ပေးထားကြတယ်။ ပြင်ဆင်မှု ရာခိုင်နှုန်းကတော့ ၃ ပုံ ၁ ပုံ ပြီးပါပြီ”လို့ လူမင်းက ပြောပါတယ်။
“သမိုင်းထဲက ဇာတ်ဝင်ခန်း နေရာတွေကတော့ အရင်ခေတ်တုန်းကလို အခြေအနေတိုင်း ဘယ်မှာမှတော့ ရှိမှာ မဟုတ်ဘူး။ ကျနော်တို့ သမိုင်းဝင်နေရာတွေကို သွားမယ်။ အာလုံးက ဒီရုပ်ရှင်ဖြစ်ဖို့ အမေစုရဲ့ လမ်းညွှန်မှုနဲ့ အတူ ဝန်ကြီးဌာနတွေရော အားတက်သရော ဆောင်ရွက်နေကြပါတယ်။ ၂၀၁၉ မှာ အပြီး ရိုက်ပြီး ၂၀၂၀ မှာ ရုံတင်နိုင်အောင်တော့ ကြိုးစားကြမှာပါ။ သို့ပေမယ့် ကြားမှာ မမြင်နိုင်တဲ့ အခက်အခဲတွေကြောင့် အချိန်ကြာရင်လည်း ကြာသွားနိုင်ပါတယ်”လို့ လူမင်းက ပြောပါတယ်။

“ကျနော် ဗိုလ်ချုပ်ရုပ်ရှင်ကို ဘဝနဲ့ရင်းပြီး ရိုက်တယ်လို့ ခံယူထားပါတယ်။ အမေစု ပြောခဲ့သလို သမိုင်းပေးတာဝန် တခုကို ကိုယ်တတ်စွမ်းသရွေ့ တာဝန်ကျေအောင် ဆောင်ရွက်ချင်တယ်ဆိုတဲ့ စိတ်နဲ့ လုပ်တာပါ။ ကျနော် ဒီတာဝန်ကို မျက်နှာလွှဲလို့ ရပါတယ်။ ခေါင်းရှောင်လို့ ရပါတယ်”လို့ လူမင်းက ဆိုပါတယ်။
၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲအပေါ် ဝေဖန်မှုတွေ ပြင်းထန်နေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ လူမင်းက သူ့အမြင်ကို အခုလိုပဲ ဆိုပါတယ်။
“အကယ်ဒမီပေးပွဲ ဝေဖန်မှုကတော့ ဒီနှစ် ပြင်းထန်ပါတယ်။ ကျနော် ကိုယ်တိုင်လည်း ဥက္ကဋ္ဌလုပ်တုန်းက ပွဲတွေ စီစဉ်ခဲ့တယ်။ ပွဲပြီးမှတော့ ပွဲကြီးကို ပြစ်တင်တာတော့ မလုပ်ချင်ပါဘူး။ ဒီနှစ်ပွဲက အခုလိုတွေ ဖြစ်လာမယ်လို့ မနှစ်ကတည်းက ကြိုသိထားတယ်။ ဒါပေမဲ့ ထင်တဲ့အတိုင်း ဖြစ်သွားတာကတော့ ကျနော်လည်း စိတ်မကောင်းပါဘူး”လို့ လူမင်းက ပြောပါတယ်။
ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌအဖြစ် ၄ နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့သူ တဦး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဗိုလ်ချုပ်ရုပ်ရှင်အတွက် တာဝန်ယူကာ ဒါရိုက်တာအဖြစ် ရိုက်ကူးသွားမယ်လို့လည်း သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
ဗိုလ်ချုပ်ရုပ်ရှင်ကို ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးမယ့် လူမင်းနဲ့ တွေ့ဆုံခြင်း
ဗိုလ်ချုပ်ရုပ်ရှင်ကို နိုင်ငံတကာ အဆင့်မီဖြစ်ဖို့ အာမခံတယ်လို့ ဒါရိုက်တာ လူမင်းပြော
The post “ဗိုလ်ချုပ်ရုပ်ရှင်ကို ဘဝနဲ့ရင်းပြီး ရိုက်တယ်လို့ ခံယူထားတယ်”လို့ လူမင်း ပြော appeared first on ဧရာဝတီ.