Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မွမ်ဘိုင်းမြို့ရဲ့ မျက်နှာတခြမ်း (သို့မဟုတ်) Love Sonia (2018)

$
0
0

ဒီတခါမှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ဖြစ်ရပ်မှန် အဖြစ်အပျက်တခုကို အခြေခံရိုက်ကူးထားတဲ့ ဘောလိဝုဒ်ရုပ်ရှင်ဇာတ်ကားကောင်း တကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

IMDB rating (7.9) အထိရရှိထားတဲ့ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Tabrez Noorani ကရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ဆိုရင်တော့ အဓိက ဇာတ်ဆောင်မင်းသမီးနဲ့ တခြားသော သရုပ်ဆောင်တွေကို မျက်နှာသစ်သရုပ်ဆောင်တွေကိုသာ ထည့်သွင်းရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ မြင်ဖူးနေကျ သရုပ်ဆောင်တွေအနေနဲ့ မင်းသား Manoj Bajpayee, Anupam Kher နဲ့ မင်းသမီး Richa Chadha တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

အိန္ဒိယနိုင်ငံက တောရွာလေးတရွာမှာ ဆင်းရဲလွန်းလှတဲ့ မိသားစုတစုဟာ စိုက်ပျိုးလို့အဆင်မပြေတဲ့ တနိုင်တပိုင်လယ်ကွက်လေးတခုနဲ့ စားဝတ်နေရေးကို ရုန်းကန်နေရပါတယ်။ ထွန်ယက်စိုက်ပျိုးဖို့ နွား ၂ ကောင်တောင် အပြည့်အဝမရှိတာကြောင့် အဖေဖြစ်သူဟာ နွားတကောင်နဲ့ဖက်ရုန်းနေရပြီး ကူဖော်လောင်ဖက်အနေနဲ့လည်း သားယောကျာ်းလေးမရှိဘဲ သမီး ၂ ယောက်သာရှိတာကြောင့် ဖအေဖြစ်သူရဲ့ ဒေါသတွေဟာ ဒီသမီး ၂ ယောက် အပေါ်မှာသာ ပုံကျနေပါတော့တယ်။

ဆပ်ရမယ့် အကြွေးတွေကလည်း တနေ့တခြား များပြား၊ ထွန်ယက်စိုက်ပျိုးရတဲ့ လယ်ယာမြေလုပ်ငန်းကလည်း အဆင်မပြေတာကြောင့် သမီး ၂ ယောက်ထဲက အကြီးမဖြစ်သူ ပရီတီးကို ကြွေးရှင်လက်ထဲ ထိုးအပ်လိုက်ရပါတယ်။

မွမ်ဘိုင်းမြို့ပေါ်မှာ အလုပ်လုပ်ရမယ်ဆိုပြီး ကြွေးရှင်ကနေတဆင့် မိန်းမတယောက်ရဲ့လက်ထဲရောက်သွားပြီး အချိန်ကြာလာတာနဲ့အမျှ စာမလာသတင်းမကြား ဖြစ်လာတဲ့အခါမှာတော့ ညီမဖြစ်သူ ဆိုနီယာဟာ အိမ်ကနေထွက်ပြေးပြီး အစ်မဖြစ်သူနောက်ကို လိုက်သွားပါတော့တယ်။

ရှုပ်ထွေးလှတဲ့ မွမ်ဘိုင်းမြို့ပေါ်ကို အစ်မဆီ ပို့ပေးမယ်ဆိုတဲ့ မိန်းမလည် တဦးရဲ့ အကူအညီနဲ့ မလည်မဝယ် ရောက်သွားတဲ့ ဆိုနီယာဟာ အစ်မဖြစ်သူကို တွေ့ရဖို့ ဘာပဲလုပ်ရလုပ်ရဆိုတဲ့စိတ်နဲ့ အခြေအနေဆိုးတခုထဲကို ကျရောက်သွားတဲ့အချိန်မှာတော့ ဘာတွေဆက်လက်ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်တစား ဆက်လက်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားမှာ မွမ်ဘိုင်းမြို့ပေါ်က လေလွင့်မိန်းကလေးတွေရဲ့ ဘဝအခြေအနေကို ပုံဖော်ရိုက်ကူးထားပြီး ဘဝပေးအခြေအနေကြောင့် ညဉ့်ငှက်မလေးတွေ ဖြစ်သွားကြတဲ့ မိန်းကလေးတွေရဲ့ လှုပ်ရှားရုန်းကန်ရမှုတွေကိုလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

18+ လို့ ခေါင်းစဉ်တပ်ထားပေမယ့် အရွယ်ရောက်သူတိုင်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်း တကားဖြစ်ပြီး မြန်မာ ပညာပေး ဇာတ်ကားတွေလို ပြူးပြူးပြဲပြဲ ဒိုင်ယာလော့ခ်တွေလည်း မပါဝင်တာကြောင့် ကြည့်ရှုသူတွေ စိတ်သက်သာရာ ရပြီး သေချာပေါက် အကြိုက်တွေ့ကြမှာပဲ ဖြစ်ပါတယ်။

The post မွမ်ဘိုင်းမြို့ရဲ့ မျက်နှာတခြမ်း (သို့မဟုတ်) Love Sonia (2018) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles