အဆိုတော် ရဲလေးရဲ့ “မိုး” သီချင်း Music Video နဲ့ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ မေသက်ခိုင်က အနုပညာလုပ်ငန်းများနဲ့ ဝေးကွာနေပြီး အနုပညာလုပ်ငန်းများကိုလည်း လာငှားရင် ပြန်ကြိုးစားကြည့်ချင်သေးတယ်လို့ ဆိုပါတယ်။
“အနုပညာနဲ့ နည်းနည်း ဝေးကွာနေတာက သီချင်းတွေ ဆိုဖြစ်နေတာရယ် ကျောင်းတဖက်ရောကြောင့်ပေါ့။ နောက်တခုက သီချင်းဆိုဖို့ စရံတွေ ယူပြီးပြီ။ ဇာတ်ကားရိုက်ဖို့ကလည်း ခေါ်နေတော့ အရမ်းအားတွေနာဘာလုပ်ရမှန်း မသိဘူး။ အဲ့ဒါနဲ့ပဲ ကားရိုက်တွေ နည်းသွားတယ်။ အခုချိန်ထိ ချစ်နေပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ အနုပညာအလုပ်တွေ လာငှားရင် ပြန်လုပ်ချင်ပါတယ်”လို့ မေသက်ခိုင်က ပြောပါတယ်။
စီးရီးတွဲတွေလည်း ခေတ်စားနေတော့ လာငှားရင် ကြိုးစားကြည့် ချင်ပါသေးတယ်လို့ မေသက်ခိုင်က ဆိုပါတယ်။ ဆက်လက်ပြီး မေသက်ခိုင်က မွေးနေ့မှာ သူမရဲ့ ခန္ဓာကိုယ်နဲ့ မျက်ကြည်လွှာ လှူဒါန်းခဲ့ပုံကိုလည်း အခုလိုပဲ ပြောပါတယ်။
“ခန္ဓာကိုယ် လှူထားတာက ဘွားဘွားက လှူချင်တာ။ ဘွားဘွားဆုံးသွားတော့ မလှူလိုက်ရဘူး။ အဲဒါနဲ့ ဘွားဘွားလှူချင်ခဲ့တာကို ညီမမွေးနေ့မှာ ဆေးတက္ကသိုလ် ၂ မှာ လှူဒါန်း လှူလိုက်တာပါ။ မျက်ကြည်လွှာလည်း လှူထားပါတယ်”လို့ မေသက်ခိုင်က ပြောပါတယ်။
မေသက်ခိုင်ကတော့ အနုပညာ အလုပ်တွေနဲ့ အလှမ်းဝေးသွားချိန်မှာ ခန္ဓာကိုယ် အရမ်းဝသွားခဲ့ပြီး အခုချိန်မှာတော့ ပေါင် ၁၄၀ ကျော်ကနေ ၁၁၀ ကျော်ဖြစ်အောင် ဝိတ်ပြန်ချနိုင်ခဲ့ပြီလို့ ဆိုပါတယ်။
“အရင်က အရမ်းဝသွားခဲ့တယ်။ ဆရာက ဘယ်လိုတွေ စားရမယ် ဆိုတာလည်းပြောပြလိုက်တယ်။ အဲ့မှာစစားတာ ပေါင်ချိန်တော်တော်လေး ကျသွားတယ်။ ဝိတ်ကျသွားတော့ ပျော်လို့ သူများတွေကိုလည်း မျှဝေချင်လို့တင်လိုက်တာပါ။ ပေါင် ၁၄၀ ကျော်ကနေ ၁၁၀ ကျော်ဖြစ်အောင် ချနိုင်ခဲ့တယ်။ စားတော့ စားတယ်။ သူ့ Plan နဲ့စားတော့ ဝိတ်သိပ်မတက်တော့ဘူး။ အရင်တုန်းက ဝိတ်လောက်တော့ ပြန်ဖြစ်သွားလို့ ကျေနပ်နေရတယ်”လို့ မေသက်ခိုင်က ပြောပါတယ်။
မေသက်ခိုင်ဟာ သရုပ်ဆောင် မေသဉ္ဇာဦးရဲ့တူမဖြစ်ပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ ပရိသတ်တွေ ချစ်ရတဲ့ မင်းသမီး တယောက်ပါ။ အနုပညာအလုပ်တွေကို ရပ်နားထားပြီး ပညာရေးဘက်ကို ဦးစားပေးခဲ့ပေမယ့် သူမကို အားပေးတဲ့ ပရိသတ်တွေကတော့ အခုချိန်ထိ အခိုင်အမာ ရှိနေဆဲပါပဲ။ ။
The post “အနုပညာအလုပ်တွေ လာငှားရင် ပြန်လုပ်ချင်တယ်”လို့ ပြောတဲ့ မေသက်ခိုင် appeared first on ဧရာဝတီ.