မော်ဒယ်အပြင် သရုပ်ဆောင်လည်း လုပ်ကိုင်နေတဲ့ မေမြတ်နိုးက Canal+ ရုပ်သံလိုင်းကနေ မကြာခင်ပြသမယ့် “လောကကြိုးဝိုင်း” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ကားမှာ လက်ဝှေ့သမားရဲ့ ချစ်သူတယောက် အနေနဲ့ပါဝင်သရုပ်ဆောင်ထားလို့ ဆိုပါတယ်။
“လောကကြိုးဝိုင်းဆိုတဲ့ ဇာတ်ကားမှာ လက်ဝှေ့သမားရဲ့ ချစ်သူတယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မြတ်နိုးပြောပြောနေတဲ့ ကာရိုက်တာ ချိန်းတယ်ဆိုတာကို တကယ်လုပ်နိုင်ရဲ့လား။ ဒီကောင်မလေးဆိုတာကိုကြည့်ပြီး ဝေဖန်စေချင်ပါတယ်။ မြတ်နိုးတို့ ဒီကားထဲမှာ ချစ်သူနဲ့ ရှိတဲ့အခန်းလေး ပါတယ်”
“ရုပ်ရှင်ဆိုတာက မြတ်နိုးတို့ပေးတဲ့ Message က ဘယ်လိုမျိုးလဲ။ Entertainment လား ဆိုတာ ရှိတယ်။ ရုပ်ရှင်တိုင်းကတော့ ပညာပေးဇာတ် မဟုတ်ပါဘူး။ မြတ်နိုးတို့ လောကကြိုးဝိုင်း ဇာတ်ကားက လက်ဝှေ့ကို ဦးစားပေးရိုက်တယ်။ ဒီကားကနေ မြန်မာ့လက်ဝှေ့ကို ပိုပြီး အားပေးစေချင်တယ်။ လောကကြိုးဝိုင်းကားလေးကို တခြားနိုင်ငံကားနဲ့ တူနေတယ်လို့ ပြောနေကြတယ်”
“ဒီကားက မြန်မာ့လက်ဝှေ့ စစ်စစ်ကားလေး ဖြစ်တာကြောင့် တခြားနိုင်ငံတွေမှာ မြန်မာ့လက်ဝှေ့ ရှိလားပေါ့။ မြတ်နိုးတကယ် မသိပါဘူး။ ဒီကားကတော့ မြန်မာ့လက်ဝှေ့ကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားတဲ့ ကားလေးပါ”လို့ မေမြတ်နိုးကပြောပါတယ်။
လတ်တလော အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေ ရိုက်ကူးထားပြီး ဗီလိန်ဇာတ်ရုပ်နဲ့ ဇာတ်လမ်းရွေးချယ်မှုအပိုင်းနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။
“မြတ်နိုးလတ်တလောမှာတော့ ကြော်ငြာရိုက်လေး တွေရှိပါတယ်။ စင်ကာပူကိုသွားပြီး Think Act Prosper Conference မှာ စကားသွားပြောဖို့ ရှိပါတယ်။ ဗီလိန်ဇာတ်ရုပ်နဲ့ မြတ်နိုးနဲ့ လိုက်ဖက်တယ်ဆိုတာလည်း မြတ်နိုးလုပ်တာ မှန်နေလို့လို့ မြင်ပါတယ်။ ဒီကောင်မလေးက ဒီဇာတ်ကောင်၊ ဒီဇာတ်ရုပ်ကို သေသေချာချာ ပုံဖော်နိုင်တဲ့အတွက် ထုတ်လုပ်သူတွေ အနေနဲ့ရော ဒါရိုက်တာတွေ အနေနဲ့ပါ ယုံကြည်ရမယ်ထင်လို့ ငှားတယ်ထင်ပါတယ်။ အဲ့အတွက် မြတ်နိုးရွေးချယ်ခွင့်ရမယ် လုပ်ခွင့်ရမယ်ဆို လုပ်သွားမယ်”
“ဗီလိန်ဆိုတာကလည်း တကားတည်းနဲ့ သင်ခန်းစာတွေ အများကြီး ရသွားမှာ မဟုတ်ဘူး။ နောက်ထပ် ဆက်လုပ်သွားရင်လည်း ထပ်ပြီးတော့ သင်ယူခွင့်တွေ ရမယ်လို့ထင်ပါတယ်။ အပြင်မှာ ဗီလိန်ဖြစ်တာမှ မဟုတ်တာ စိတ်မကောင်းစရာလည်း မရှိဘူး။ မကောင်းတဲ့ဘက်က မြင်စရာမရှိဘူး” လို့ မေမြတ်နိုးကပြောပါတယ်။
မေမြတ်နိုးဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးလျက် ရှိတာကို တွေ့ရပါတယ်။ သူပါဝင်သရုပ်ဆောင် ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း မကြာခင် ပရိသတ်အရှေ့ကို ရောက်လာတော့မှာပါ။ သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းသာမက ပြည်ပမှာပါ အနုပညာလှုပ်ရှားမှုတွေလုပ်နိုင်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။ မေမြတ်နိုးဟာ ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ Invincible ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားသူ ဖြစ်ပါတယ်။
The post “လောကကြိုးဝိုင်း” ဇာတ်လမ်းတွဲမှာ လက်ဝှေ့သမားရဲ့ ချစ်သူအဖြစ် သရုပ်ဆောင်ထားတဲ့ မေမြတ်နိုး appeared first on ဧရာဝတီ.