နိုင်ငံကျော် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ မန္တလေးက ပရိသတ်တွေနဲ့ တွေ့ဆုံဖို့အတွက် သူ့ရဲ့ ဖျော်ဖြေပွဲကြီးကို မန္တလာသီရိကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဒီပွဲကို ရန်ကုန်ပွဲထက် မနိမ့်အောင် ခမ်းခမ်းနားနား လုပ်သွားမယ်လို့ ဆိုပါတယ်။
“ကျနော် မန္တလေးမှာ စိုင်းစိုင်းရှိုးဆိုပြီး ၂၀၀၆ လောက်မှာ တကြိမ်၊ ၂၀၀၈လောက်မှာ တကြိမ် လုပ်ဖူးပါတယ်။ ပြီးတော့ ဘက်ဒေးရှိုးလည်း လုပ်ဖူးပါတယ်။ အခု ကျင်းပမယ့် ပွဲက ၅ ကြိမ်မြောက်ပါ။ ရန်ကုန်ပွဲထက်မနိမ့်အောင် ခမ်းခမ်းနားနား လုပ်ပါမယ်။ ပြီးခဲ့တဲ့ ဘက်ဒေးရှိုးကလည်း အအောင်မြင်ဆုံးပွဲလို့ ပြောလို့ရပါတယ်”
“အဲ့အတွက် ကျနော်တို့မန္တလေးပရိသတ်တွေကလည်း တောင်းဆိုကြတာကြောင့် ပွဲလေး လုပ်ဖြစ်တာပါ။ ပွဲလုပ်ချိန်မှာ ကုန်ကျစရိတ်က အင်မတန်ကို ကြီးပါတယ်။ ကျနော်လုပ်ချင်တိုင်း လုပ်လို့ မရပါဘူး။ ဒါပေမဲ့ ကျနော့်ကို စပွန်ဆာ ကုမ္ပဏီတွေက လိုက်လံ ပံ့ပိုးပေးလို့ပါ။ နောက်ပါဝင်မယ့် Artist တွေကလည်း တက်ကြွစွာ ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်”လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
မွေးနေ့ရှိုးပွဲ အမှတ်တရတွေထဲက အမှတ်တရတခုကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က ရှိုးပွဲမှာ ဘောင်းဘီဇစ်ပြုတ်ခဲ့တာမျိုး ရှိတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ လွန်ခဲ့တဲ့ ၁၅ နှစ် MCC ခန်းမ ဖွင့်ခါစမှာ ကျနော့် သီချင်းတွေ အရမ်းခေတ်စားတဲ့အချိန်မှာ သီချင်းဆိုနေတုန်း အောက်က ပရိသတ်တွေက စိုင်းစိုင်း ဘောင်းဘီ ဇစ်ပြုတ်နေတယ်ဆိုပြိး ဝိုင်းပြောကြတယ်။ ကျနော် ဇစ်ပြုတ်ဖူးတယ် ဆိုတာ တခါပဲ မှားဖူးပါတယ်။ နောက်မမှားတော့ပါဘူး။ ဒီနှစ်တိုက်ထားတဲ့ သီချင်းတွေထဲမှာတော့ သင်ဇာဝင့်ကျော်နဲ့ ဆိုထားတဲ့ “နှစ်ပါးသွား”ဆိုတဲ့ သီချင်း မပါပါဘူး။ ကျနော့် သီချင်းတွေ အများကြီးရှိတော့ မျှမျှတတဖြစ်အောင်တော့ ဆိုမှာပါ”လို့ စိုင်းစိုင်းက ပြောပါတယ်။
“ရန်ကုန် မန္တလေး ထူးပြီးတော့ ကွာခြားချက်တော့ မရှိပါဘူး။ ကျနော် မြန်မာတနိုင်ငံလုံးမှာ ဖျော်ဖြေဖူးပါတယ်။ ကျနော့် စိုင်းစိုင်းပွဲကို လာကြည့်ကြတဲ့ စိုင်းစိုင်းပရိသတ်တွေ အားလုံးကတော့ ကျနော် ဖျော်ဖြရတဲ့ စင်ပေါ်က အရသာကတော့ တူတူပါပဲ။ အာလုံး တက်ညီလက်ညီနဲ့ ဆိုကြတယ်။ ကျနော့်ရဲ့ လူသောင်းနဲ့ချီတဲ့ ပွဲတွေပဲဖြစ်ဖြစ် နိုင်ငံခြားမှာ ဖျော်ဖြေတဲ့ပွဲပဲဖြစ်ဖြစ် ဇာတ်သဘင်မှာ ဖျော်ဖြေတဲ့ ပွဲတွေ ပဲဖြစ်ဖြစ် ပရိသတ်အားပေးမှု ချစ်ခင်မှုကိုရရှိပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က မွေးနေ့အမှတ်တရ Show ပွဲများစွာ ပြုလုပ်ခဲ့သူတဦးဖြစ်ပြီး နှစ်တိုင်းလည်း အောင်မြင်မှု ရရှိခဲ့ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ အသက် ၄၀ ပြည့်မွေးနေ့ Show ပွဲကလည်း လာရောက်ကြည့်ရှုသူ အများဆုံးပွဲအဖြစ် စံချိန်တင်ထားပါတယ်။
The post “Show ပွဲတပွဲမှာ အမှတ်တရအနေနဲ့ ဘောင်းဘီ ဇစ်ပြုတ်ခဲ့ဖူးတယ်”လို့ စိုင်းစိုင်း ပြော appeared first on ဧရာဝတီ.