နိုင်ငံတော် သမ္မတရဲ့ ၂၀၁၉ ခုနှစ်အတွက် တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်မှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် စုစုပေါင်း ၁၇ နှစ် ကျခံနေရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မိုးအောင်ရင်လည်း ပါဝင်လာပါတယ်။ သရုပ်ဆောင် မိုးအောင်ရင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့အပေါ် အနုပညာရှင်တို့ရဲ့ ဝမ်းသာစကားသံတွေကို ဧရာဝတီက အခုလိုပဲ စုစည်း မေးမြန်းဖော်ပြ လိုက်ပါတယ်။
လူမင်း (သရုပ်ဆောင်)
“အခုလို ညီလေး မိုးအောင်ရင် လွတ်လာတာ အရမ်းဝမ်းသာတယ်။ သူ့ကို လွတ်စေချင်တယ်။ သူ့ထက် အမှုကြီးတဲ့သူတွေတောင် လွတ်ငြိမ်းထဲမှာ ပါလာပြီဆိုတော့ ညီလေး လွတ်မယ်ဆိုတဲ့ သတင်းတွေ၊ ပါမယ်ဆိုတဲ့ သတင်းတွေ မမို့တို့ သတင်းတွေလည်း ဖတ်ရတယ်။ သူ့ပါဖို့ပဲ ဆုတောင်းပေးနေတာ အခုလို ကျနော့်မွေးနေ့နေ့မှာပဲ လွတ်တာဆိုတော့ ဝမ်းသာလိုက်တာ။ လူငယ်ဆိုတာတော့ မှားတတ်တာပါပဲ။ သူမှားတာနဲ့ သူပေးဆပ်ရတာနဲ့ မမျှတော့ လွတ်စေချင်ပါတယ်”လို့ သရုပ်ဆောင် လူမင်းက ပြောပါတယ်။
“သူ့ကို အနုပညာတွေလည်း လုပ်စေချင်ပါတယ်။ မမို့ကတော့ သူ့သားကို မလုပ်စေချင်တော့ဘူး။ ကျနော့်အနေနဲ့ကတော့ လုပ်စေချင်တယ်။ တကယ်လည်း လုပ်နိုင်တဲ့ ကလေးပါ။ သူ့ အနုပညာ သမိုင်းလည်း သူရေးခဲ့တယ်လေ။ အဲ့တော့ သူကို အနုပညာတွေ ပြန်လုပ်စေချင်ပါတယ်။ သူ့စိတ်ကို လွတ်လွတ်လပ်လပ် နေစေချင်သေးတယ်။ ရဲတိုက်တုန်းကလိုမျိုး စိတ်ဖိစီးစေမယ့် အရာတွေ မဖြစ်စေချင်သေးဘူး။ သူ့ကို စိတ်ပေါ့ပေါ့ပါးပါးဖြစ်စေပြီး လွတ်လွတ်လပ်လပ်တော့ နေစေချင်သေးတယ်”လို့ လူမင်းက ဆိုပါတယ်။
လင်းဇာနည်ဇော် (သရုပ်ဆောင်)
“မိုးအောင်ရင်လေး လွတ်လာတော့ အနုပညာသမား တယောက်အနေနဲ့ရော လူထဲက လူတယောက်အနေနဲ့ရော အရမ်းဝမ်းသာတယ်။ ၁၇ နှစ် သတင်းကြားတုန်းက ကိုယ်ချင်းစာစိတ်နဲ့ လိုက်တွက်ကြည့်တယ်။ သူ့မိဘနေရာမှာဆိုလည်း စိတ်ကောင်းဘူး။ သူလည်း ဒီထဲမှာ နှစ်အကြာကြီး တကယ်နေရမယ်ဆိုရင် ဘဝတုန်းပြီလေ။ သူပြန်ထွက်လာရင် ဘာလုပ်စားမလဲ။ အပြစ်ရှိတယ်ဆိုရင်လည်း သူ့အိုးနဲ့ သူ့ဆန် တန်သလောက်လေးတော့ ဖြစ်စေချင်တာပေါ့။ အခုချိန်မှာ ပရိသတ်တယောက်အနေနဲ့ အရမ်းဝမ်းသာတယ်။ မိဘတယောက်အနေနဲ့ အတိုင်းထက် အလွန်ပေါ့။ ရှေ့လျှောက်လည်း ကောင်းကောင်းမွန်မွန်နဲ့ ဖြစ်စေချင်ပါတယ်”လို့ သရုပ်ဆောင် လင်းဇာနည်ဇော်က ပြောပါတယ်။
လူမုန်း (လူကြမ်းသရုပ်ဆောင်)
“မိုးအောင်ရင်ဆိုတာ ကျနော်တို့နဲ့ ဟိုဘက်ခြံ ဒီဘက်ခြံနေခဲ့တဲ့ ကလေးပါ။ ကျနော်တို့ခြံဘက်ကို လာလာလည်တဲ့အချိန်မှာ ၂ နှစ်သားအရွယ်မှာ ရေခဲရေ အရမ်းကြိုက်ပါတယ်။ ဒီဘက်ကနေ လာလာယူတာ အမှတ်တရပါပဲ။ သူအခုလို လွတ်လာတဲ့အတွက် ဝမ်းသာပါတယ်။ အနုပညာသမားတယောက် အချုပ်ခံထားရတာ မကောင်းပါဘူး။ သူ့ရဲ့အနုပညာတွေကို ချုပ်ထားသလိုလည်း ဖြစ်ပါတယ်။ သူ့ကို လွတ်ပေးတဲ့ လူကြီးတွေကိုလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကလေးလေးလည်း လိမ်လိမ်မာမာနဲ့ အနုပညာအလုပ်တွေ ဆက်လက် လုပ်ကိုင်ပါ”လို့ လူကြမ်းသရုပ်ဆောင် လူမုန်းက ပြောပါတယ်။
သရုပ်ဆောင် မိုးအောင်ရင်ကို နိုဝင်ဘာ ၂၆ ရက်နေ့က ပုဇွန်တောင်မြို့နယ် တရားရုံးမှ မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှု၊ သုံးစွဲမှု ပုဒ်မများဖြင့် အလုပ်နှင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် တရားရုံးကနေ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု ပုဒ်မ -၁၉ (က)နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၁၂ နှစ် ထပ်မံချမှတ်ခဲ့ တာကြောင့် စုစုပေါင်း အလုပ်နဲ့ ထောင်ဒဏ် ၁၇ နှစ် ကျခံဖို့ သတ်မှတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ ယနေ့မှာတော့ မိုးအောင်ရင်ဟာ သမ္မကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အတူ လွတ်မြောက်လာပြီ ဖြစ်ပါတယ်။
The post မိုးအောင်ရင် လွတ်မြောက်လာတဲ့အပေါ် အနုပညာရှင်များရဲ့ ဝမ်းသာစကားများ appeared first on ဧရာဝတီ.