Hip Hop အဆိုတော်ဖြစ်တဲ့ Ice Cube က သူ ရိုက်ကူးနေတဲ့ “Friday” ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်း ရေးပြီးသွားပြီလို့ ဆိုပါတယ်။ ESPN က လုပ်တဲ့ ပွဲတခုမှာ ဒီစကားကို အတည်ပြုပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
၁၉၉၅ ခုနှစ်မှာ စတင်ရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားမှာ Ice Cube ကိုယ်တိုင် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ “Next Friday” ၊ ၂၀၀၂ ခုနှစ်မှာ “Friday after Next” ဆိုပြီး ၂ ကား ထပ်မံရိုက်ကူးခဲ့တာဖြစ်လို့ ဒီဇာတ်ကားက “Friday Franchise” ရဲ့ ၄ ကားမြောက် ဇာတ်ကား ဖြစ်လာမှာ ဖြစ်ပါတယ်။
အင်တာဗျူးအတွင်းမှာ Ice Cube က ဇာတ်ညွှန်းပြီးနေပြီ ဖြစ်ကြောင်းနဲ့ ယခုနှစ်အတွင်းမှာ စတင်ရိုက်ကူးဖို့ရှိပြီး ၂၀၂၀ ခုနှစ်မှာ ရိုက်ကူးမှုပြီးဆုံးမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဒီဇာတ်ကား ဖြစ်မြောက်ဖို့ အတွက် အားစိုက်ပြီး လုပ်နေပါတယ်။ ရိုက်ကူးဖို့အတွက်လည်း စတင်စီစဉ်နေပြီး သရုပ်ဆောင်တွေလည်း ရှာနေပါတယ်။ ပထမဆုံးရိုက်ခဲ့တဲ့ ဇာတ်ကားက ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်လို့ ၂၅နှစ် ပြည့်ပုံစံမျိုးနဲ့ ထုတ်သလို ဖြစ်သွားတာပေါ့။ ကျနော်ကတော့ သဘောကျတယ်” လို့ ဆိုပါတယ်။
ဧပြီလမှာလည်း Ice Cube က သူ့ရဲ့ Instagram စာမျက်နှာမှာ “ထွက်လာပြီ ၂၄ နှစ်လုံးလုံး ခင်ဗျားတို့ ကြိုက်နေသေးတာကို ကျေးဇူးတင်တယ်။ အချိန်တွေလည်း ကြာသွားပြီ။ ခုတော့ နောက်ထပ် ထွက်ဖို့ သေချာသွားပါပြီဗျာ”လို့ တင်ထားပြီးတဲ့နောက်မှာ အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။
Ice Cube နဲ့ အတူ တွဲဖက်သရုပ်ဆောင်တဲ့ မင်းသား Chris Tucker မပါဝင်မှာကို ပရိသတ်တွေက စိုးရိမ်နေပေမယ့် ရုပ်ရှင်ထဲမှာ မကောင်းမှုတွေကို ခေါင်းဆောင်ပြီး လုပ်နေတဲ့ Smokey မပါလို့ မဖြစ်ဘူးဆိုတာ အားလုံးသိတယ်လို့ သတင်းဌာနတွေက ဝေဖန်နေကြပါတယ်။
၂၅ နှစ်ကျော် အကြာမှာ ပြန်ပြီး ထွက်ရှိလာမယ့် ဒီဇာတ်ကားဟာ ပရိသတ်တွေ ဖမ်းစားနိုင်ဦးမလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref; acceleratetv.com
The post “Friday” ရုပ်ရှင်ကား ထပ်ရိုက်ဖို့ ဇာတ်ညွှန်း ရေးပြီးသွားပြီလို့ Ice Cube ပြော appeared first on ဧရာဝတီ.