မင်းသားကြီး ဆေဗက်စတာ စတားလုံးဟာ မကြာမီကျင်းပတော့မယ့် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ကမ္ဘာကျော် ဇာတ်ကောင် John Rambo ကို အသစ်တဖန်ပြန်လည်ခေါ်ဆောင်လာတော့မှာပဲ ဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလမှာ “Rambo V: Last Blood” ဆိုတဲ့ ပဉ္စမမြောက် Rambo ရုပ်ရှင်ကို ရုံမတင်မီမှာ မင်းသားကြီး စတားလုံးဟာ ရုပ်ရှင်ထဲက ဓာတ်ပုံအသစ် တွေကို ၂၀၁၉ ခုနှစ်၊ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မင်းသားကြီးကိုယ်တိုင် ပူးတွဲဇာတ်လမ်း ရေးသားသူအဖြစ် ပါဝင်ထားတဲ့ “Last Blood” ရုပ်ရှင်မှာတော့ John Rambo ဟာ မူးယစ်ဂိုဏ်း တခုကနေ ပြန်ပေးဆွဲခေါ်ဆောင်သွားတဲ့ သူငယ်ချင်းဖြစ်သူရဲ့ သမီးလေးကို ကယ်တင်ဖို့ မက္ကဆီကို နိုင်ငံကို သွားရောက်ပုံနဲ့ ဇာတ်လမ်းကို အစပြုထားပါတယ်။
ဒါပေမယ့် “Rocky” စတား မင်းသားကြီး စတားလုံးဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ပြုလုပ်မယ့် ၁၉၈၂ ခုနှစ်တုန်းက နာမည်ကျော်ခဲ့တဲ့ “Rambo: First Blood” ရုပ်ရှင်ကို 4K အဆင့် ရုပ်ရှင်အဖြစ် ပြန်လည်ပြတဲ့ပွဲကိုလည်း တက်ရောက်ဦးမှာ ဖြစ်ပါတယ်။ အဲ့ဒီပွဲဦးထွက်တင်ဆက်မှုဟာ မင်းသားကြီးစတားလုံးရဲ့ အလုပ်လုပ်ကိုင်တဲ့ ပုံစံတွေကို ပိုမိုတင်ဆက် ပေးထားပါတယ်။
Grand Théâtre Lumière မှာ 4K အရည်အသွေးနဲ့ ပြသမယ့် ဒါရိုက်တာ Ted Kotcheff ရဲ့ “Rambo: First Blood” ရုပ်ရှသ်ဟာ မင်းသားကြီးရဲ့ နှစ် ၅၀ ပြည့်အနုပညာသက်တမ်းအတွက် ဂုဏ်ပြုပြီး တင်ဆက်မှာလည်း ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ကနေ စလို့ မင်းသားကြီးဟာ Rambo အက်ရှင်ရုပ်ရှင်တွေအားလုံးကို ဇာတ်လမ်း ပူးတွဲရေးသားခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Rambo IV” ကိုတော့ ကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။
“Rambo V: Last Blood” ရုပ်ရှင်ကို ဒါရိုက်တာ Adrian Grunberg က ရိုက်ကူးပေးထားတာပါ။ နောက်ဆုံးထွက်လာမယ့် “Rambo” ရုပ်ရှင်မှာတော့ မင်းသားကြီး စတားလုံးအပြင် Paz Vega, Oscar Jaenada, Adriana Barraza နဲ့ Yvette Monreal တို့လည်း ပါဝင်ထားကြတာပါ။ အဲ့ဒီရုပ်ရှင်ကို လာမယ့် စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဖြန့်ချိပြသတော့မှာပဲ ဖြစ်ပါတယ်။
Ref: etcanada, variety
The post ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ “Rambo” ရုပ်ရှင်အသစ်ထဲက ဓာတ်ပုံတွေကို မြင်တွေ့ရဖွယ်ရှိ appeared first on ဧရာဝတီ.