နာမည်ကြီးမင်းသား ဆိုဂျီဆပ်ဟာ သူ့ထက် အသက် ၁၇ နှစ်ငယ်တဲ့ အစီအစဉ် တင်ဆက်သူ ဂျိုအွန်ဂျန်နဲ့ တွဲနေတဲ့ သတင်းတွေ မီဒီယာတချို့မှာ မေလ ၁၇ ရက်နေ့က ဖော်ပြခဲ့ကြပါတယ်။ နာမည်ကျော် Dispatch မီဒီယာကလည်း ဆိုဂျီဆပ်တို့စုံတွဲ ဒိတ်လုပ်နေတဲ့ ပုံတွေကို ချပြလိုက်ပါတယ်။
မင်းသားနဲ့ အစီအစဉ် တင်ဆက်သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြတာကတော့ ၂၀၁၈ ခုနှစ်၊ မတ်လက SBS ရုပ်သံမှာ ထုတ်လွှင့်သွားတဲ့ “Night of Real Entertainment” မှာ ဆိုဂျီဆပ်ရဲ့ရုပ်ရှင် “Be With You” အတွက် အင်တာဗျူးရင်း တွေ့ခဲ့ကြတာပါ။
မင်းသား ဆိုဂျီဆပ်နဲ့ ဂျိုအွန်ဂျန်တို့ ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့ Dating သတင်းကို မင်းသားရဲ့အေဂျင်စီ 51K Entertainment ကလည်း “ဆိုဂျီဆပ်နဲ့ ဂျိုအွန်ဂျန်တို့ တွဲနေတာ အမှန်ပါပဲ။ တကယ့်ကို ရည်ရွယ်ပြီး အတည်တွဲ နေကြတာပါ။ တွဲတာ ဘယ်လောက်ကြာပြီကိုတော့ မင်းသားရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်လို့ မပြောနိုင်ပါဘူး”လို့ ဆိုပါတယ်။
အစီအစဉ် တင်ဆက်သူ ဂျိုအွန်ဂျန်နဲ့ သတင်းတွေ ထွက်အပြီးမှာတော့ မင်းသား ဆိုဂျီဆပ်က ပရိသတ်တွေအတွက် စာတစောင်ရေးပြီး အသိပေးခဲ့တာကို မင်းသားအေဂျင်စီ 51K က ကိုယ်စား ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒီထဲမှာ ပရိသတ်တွေကို မင်းသားက ကိုယ်တိုင် ကြိုမပြောပြခဲ့မိတဲ့အတွက် စိတ်မကောင်းကြောင်း၊ အခုချိန်မှာ သူ့ဘဝအတွက် တန်ဖိုးအရှိဆုံးသူကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီလို့ ဆိုပါတယ်။
“ပရိသတ်များ မင်္ဂလာပါ။ ကျနော် ဆိုဂျီဆပ်ပါ။ အခုလို အံ့သြစေမယ့် သတင်းကို ကြားသိခဲ့ရလို့ စိတ်မကောင်းပါဘူး။ ကျနော့်ဘက်က ကြိုပြောပြခဲ့ရမှာပါ။ ကျနော့်ကို အခုချိန်ထိ ချစ်ခင်နှစ်သက် အားပေးလာခဲ့ကြ တဲ့ ပရိသတ်တွေ ဒီသတင်းကြားပြီး ဘယ်လိုခံစားရမလဲဆိုတာ တကယ့်ကို စိုးရိမ်မိပါတယ်”
“ဒီသတင်းပြောပြဖို့လည်း တွန့်ဆုတ်နေခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ကျနော့်ကို ချစ်ခင်စိတ်လေးနဲ့ ဆက် အားပေးကြပါဦးလို့ မေတ္တာရပ်ခံချင်ပါတယ်။ ဒီလိုစကားပြောရမှာ ခက်ခဲပေမယ့် ကျနော့်ဘဝမှာ တကယ့်ကို တန်ဖိုးရှိတဲ့ လူတယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့တာပါ”
“သူမက ကျနော့် ဘေးကနေပြီး အမြဲကူညီ အားပေးခဲ့တယ်။ ကျနော်တို့ နှစ်ယောက်ကြား ဆက်ဆံရေးကောင်းရှိတယ် ဆိုပေမယ့် နောက်ထပ်လည်း တည်ဆောက်ယူရမှာတွေ အများကြီး ကျန်ပါသေးတယ်။ ပရိသတ်တွေ အားပေးရကျိုးနပ်တဲ့ သရုပ်ဆောင်ကောင်းဖြစ်အောင် ဆက်လက်ပြီး ကြိုးစားသွားမှာပါ။ ပရိသတ်တွေ စိတ်မပျက်စေရမယ့် အနုပညာရှင် တယောက်ဖြစ်အောင် အစွမ်းကုန် ကြိုးစားပါ့မယ်လို့ ကတိပြုပါတယ်”ဆိုပြီး ရေးသားခဲ့ပါတယ်။
Ref: Soompi
You may also like these stories:
၄ နှစ်ကြာ တွဲခဲ့တဲ့ ချစ်သူနဲ့ တိတ်တဆိတ် လက်ထပ်လိုက်တဲ့ မင်းသားကြီး Jude Law
အသက် ၁၂ နှစ်ကျော်လောက် ကွာဟချက်ရှိတဲ့ ကိုရီးယား အနုပညာရှင်စုံတွဲများ
K-pop အဆိုတော် HyunA နဲ့ ချစ်သူ E’Dawn တို့ကို အေဂျင်စီမှ ထုတ်ပယ်
ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် “Baeksang Arts Awards 2019” ဆုပေးပွဲ
The post သူ့ထက် အသက် ၁၇ နှစ်ငယ်တဲ့ အစီအစဉ် တင်ဆက်သူနဲ့ ချစ်သူ ဖြစ်နေတဲ့ မင်းသား ဆိုဂျီဆပ် appeared first on ဧရာဝတီ.