Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပန်းချီစန္ဒာခိုင်၏ The Naked Truth ပန်းချီကားများနှင့် စိတ်ယဉ်ကျေးမှု

$
0
0
ပန်းချီစန္ဒာခိုင်ရဲ့ ပန်းချီကားများ (ဓာတ်ပုံ - ဧရာဝတီ) ပန်းချီစန္ဒာခိုင် (ဓာတ်ပုံ -  ဧရာဝတီ) ပန်းချီစန္ဒာခိုင်ရဲ့ ပန်းချီကားများ (ဓာတ်ပုံ - ဧရာဝတီ)

ခေတ်အဆက်ဆက် ပန်းချီဆရာများသည် Nude ပုံများ ရေးဆွဲခဲ့ကြသလို ခေတ်ပြိုင်ပန်းချီဆရာများသည်လည်း ရေးဆွဲနေကြဆဲဖြစ်သည်။ အဘယ်ကြောင့် စွဲလမ်းတမ်းမက်စွာ ရေးဆွဲနေကြပါလိမ့်။ အမျိုးသမီး ကိုယ်ကာယအလှ (Beauty of the Female Form) ၏ ထူးခြားမှုကြောင့် ရေးဆွဲခြင်း ဖြစ်သည်။ သို့သော် ထိုပုံကို ကြည့်ပြီး ကာမဂုဏ် စိတ် ပေါ်လာလျှင် မူလရည်ရွယ်ချက် ပျောက်သွား၏။ လှလွန်လွန်း၍ ဆိုပြီး တဏှာစိတ် မပေါ်အောင် ရေးရသည်။ ပညာနှင့် တဏှာကို နယ်နိမိတ် သတ်ထားပါသည်။

Nude ပန်းချီကားများသည် ကာမ ရာဂစိတ်ကို နှိုးဆွရန်၊ မဖွယ်မရာ အပြုအမူနှင့် အဖြစ်အပျက်များ ဖြစ်ပေါ်စေရန်၊ ဖြစ်လာစေရန် ရည်ရွယ်ရင်း မဟုတ်ကြောင်းနှင့် အမျိုးသား အမျိုးသမီးတို့၏ ကိုယ်ကာယ အလှကို အရင်းအတိုင်း ရေးဆွဲ တင်ပြသည့် ပန်းချီဟု ဆိုရမည် ဖြစ်ပြီး ယင်းကိုယ်ကာယ အလှ၏ သဘော နှင့် သဘာဝကို ခံစားရေးဆွဲ တင်ပြခြင်း ဖြစ်ပါသည်။

မြန်မာယဉ်ကျေးမှုနှင့် Nude ပန်းချီ

သို့သော် မြန်မာနိုင်ငံတွင် Nude ပန်းချီရေးဆွဲခြင်းကို အကန့်အသတ်များစွာဖြင့် ကန့်သတ်ခံခဲ့ရပြီး ပြပွဲများ တွင် Nude ပန်းချီ ရေးဆွဲတင်ပြမှု မရှိသလောက် နည်းပါးပါသည်။ ပန်းချီ အသိုက်အ၀န်းလေးထဲတွင်သာ တိုးတိုးတိတ်တိတ် ရေးဆွဲ ပြသခဲ့ကြရသည့် ၂၀၀၀ ပြည့်နှစ်တွင် ဗိဿနိုးပြခန်း၌ ပြုလုပ်သော Nude ပန်းချီ ပြပွဲသည် ကြီးမားသည့် အနုပညာ လှုပ်ရှားမှု တရပ်ဟု ဆိုနိုင်ပါသည်။ ယင်း ပြပွဲတွင် ပန်းချီဆရာမ မသိင်္ဂီ၊ ချောအိသိမ်း၊ စန္ဒာခိုင်၊ ပန်းချီဆရာများ ဖြစ်သည့် ၀င်းဖေမြင့်၊ ဖေညွန့်ဝေ၊ ကိုစိုင်း၊ နေမျိုးဆေး၊ ဇော်ဝင်းဖေ၊ မောင်မြင့်အောင်၊ အောင်မင်း၊ တင်ဝင်း၊ ကျော်စိန်ဝင်း စသည့် ပန်းချီဆရာများ အပါအ၀င် ပန်းချီဆရာ ၂၂ ဦးတို့၏ လက်ရာများ ပြသခြင်း ဖြစ်ပါသည်။

အဆိုပါ လှုပ်ရှားမှုနောက်ပိုင်းတွင် Nude ပန်းချီ လက်ရာပြသမှု အလွန်နည်းပါးခဲ့ပြီး ပွင့်လင်းလာပြီဟု ဆိုနိုင်သည့် ၂၀၁၁ နောက်ပိုင်းတွင် အခြား အနုပညာ ဖန်တီးမှုတင်ပြမှုများနှင့် အတူ Nude ပန်းချီ ရေးဆွဲတင်ပြမှုလည်း ကျယ်ပြန့် လာသည်ဟု ဆိုနိုင်ပါသည်။

စန္ဒာခိုင်၏ Nude ပန်းချီကားများ

ရန်ကုန်မြို့၊ ၃၁ လမ်း အောက်ဘလောက်၊ အမှတ် ၄၉/၅၁ (ပထမထပ်) ရှိ Cloud 31 အနုပညာပြခန်းတွင် ပန်းချီ ဆရာမ စန္ဒာခိုင်၏ The Naked Truth အမည်ပေးထားသည့် Nude ပန်းချီပြပွဲကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၉ မှ ၂၅ ရက်နေ့ အထိ ပြသခဲ့ပါသည်။ မီးသွေး (Charcoal) နှင့် အခရိုင်းလစ် မီဒီယံသုံး Nude ပန်းချီကားများ ဖြစ်သည်။ သူမ၏ လက်ရာများကို ခေတ်ပြိုင် အနုပညာလက်ရာများဟု သုံးသပ်ရပါသည်။

ပန်းချီကားထဲက အမျိုးသမီး ၀၀ကြီး တဦးသည် အ၀တ်အစားမပါဘဲ တကိုယ်ရည် အေးအေးလူလူ၊ အနှောင့်အယှက် ကင်းကင်းနှင့် သူမ၏ ကိုယ်ပိုင်အချိန်ကို စိမ်ပြေနပြေ နေထိုင်နေပါသည်။ သူမ၏ လက်ထဲတွင် သတင်းစာ တစောင်ကို တွေ့ရသည်။ သူမ၏ ကိုယ်ပိုင်လွတ်လပ်ချိန်အတွင်း ဘာတွေကို စိတ်ဝင်စားပြီး ဘာတွေကို တွေးတော အပန်းဖြေနေပါ လိမ့်။ ခေတ်ကာလ အကြောင်းကို တွေးနေမည်လား၊ လူ့ဘ၀ အကြောင်း တွေးတောနေမည်လား၊ ရှင်သန်ခြင်း အကြောင်း တွေးတော နေမည်လား။ လူသား၏ ပကတိ စိတ်အခံနှင့် နေထိုင်လိုသည့် သဘာဝကို ခေတ်ပြိုင် ဖြတ်သန်းမှု အနေအထားနှင့် ယှဉ်တွဲ ဖန်တီးတင်ပြထားခြင်းကြောင့် စန္ဒာခိုင်၏ လက်ရာများကို ခေတ်ပြိုင် အနုပညာလက်ရာများဟု သတ်မှတ်နိုင် ပါသည်။

စန္ဒာခိုင်၏ အစောပိုင်း လက်ရာများ

၁၉၇၁ ခုနှစ်ဖွား၊ ရန်ကုန်ဇာတိ ပန်းချီဆရာမ စန္ဒာခိုင်သည် ပန်းချီပညာကို ၁၉၉၃ ခုနှစ်က စပြီး ပန်းချီဆရာ ဖေညွန့်ဝေထံမှ သင်ယူခဲ့သည်။ ယင်းနောက် YMCA တွင် ဖွင့်လှစ်သည့် ပန်းချီ ဦးမောင်မောင်သိမ်း၏ သင်တန်းသို့ လည်း တက်ရောက်ခဲ့သည့် အပြင် ပန်းချီဝင်းဖေမြင့် ထံတွင်လည်း ပန်းချီပညာ သင်ယူခဲ့သည်။ အစောပိုင်းကာလများ တွင် Realism အခြေပြု ပန်းချီရေးဆွဲခြင်းကို လေ့ကျင့်ရေးဆွဲခဲ့ပြီး၊ ၁၉၉၆ မြို့ပြခေါင်မိုး ပန်းချီကားများကို ရေးဆွဲခဲ့ သလို ယင်း ကာလများ အတွင်းတွင် Nude ပန်းချီကားများလည်း ရေးဆွဲနေခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် စတူဒီယိုစကွဲ၌ သဲပန်းချီဖန်တီးမှုကိုလည်း ပြသခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံ ချင်းမိုင်ရှိ Loren Knuttaon’s House ၌ The Naked Truth တကိုယ်တော် Nude ပန်းချီပြပွဲ ပြုလုပ်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် ရန်ကုန်မြို့ လောကနတ် ပန်းချီပြခန်းတွင် သူမ၏ တကိုယ်တော် ပန်းချီပြပွဲကို Contentment Cows အမည်ဖြင့် ပြုလုပ်ခဲ့ပြီး၊ ပုဂံရှုခင်းနှင့် နွား ပန်းချီကားများ ပါဝင်သည်။ ယင်းနောက် အုပ်စုပြပွဲ၊ နှစ်ယောက်တွဲ ပြပွဲများ တွင်လည်း ပါဝင်ခဲ့ပြီး ယခုပြပွဲမှာ သူမ၏ ၄ ကြိမ်မြောက် တကိုယ်တော်ပန်းချီ ပြပွဲဖြစ်သည်။

Nude ပန်းချီ ၀ယ်ယူ အားပေးမှုနှင့် ပတ်သက်ပြီး သူမကို မေးမြန်းခဲ့ရာ သူမက – “၀ယ်ယူ အားပေးမှု နိုင်ငံခြားသား တွေ များတယ်။ ၀ယ်ယူတဲ့ သူတွေက သူတို့ ဘာကြောင့် ဒီ Nude ပန်းချီကားကို ၀ယ်တယ် ဆိုတာလည်း ပြန်ပြောပြ တယ်။ ပြည်တွင်းက နည်းပါတယ်။ ဒီမှာတော့ Nude ပန်းချီကားကို ၀ယ်ပြီး ဘယ်မှာ ချိတ်ရမှာလဲ ဆိုတာကို စဉ်းစား ကြမယ် ထင်ပါတယ်” ဟု ပြောပြသည်။

အမျိုးသမီး တဦးအနေနှင့်Nude ပန်းချီ ရေးဆွဲခြင်း အပေါ် တခြားသူတွေက ဘယ်လိုအမြင်မျိုး ရှိပါသလဲ၊ အားပေး လက်ခံမှု ရှိပါရဲ့လား ဟု သူမကို မေးကြည့်ပါသည်။

“ပန်းချီ ရေးဆွဲတာနဲ့ ပတ်သက်ပြီး ပန်းချီ အသိုင်းအ၀ိုင်းမှာတော့ ခွဲခြားတာ၊ အမြင် တမျိုးရှိကြတာမျိုး မတွေ့ရပါဘူး။ Nude ပန်းချီ ရေးဆွဲတာကိုတော့ အမြင်တမျိုး ရှိနေကြတာ တွေ့ဖူးပါတယ်။ ဒါပေမယ့် ဒါကလည်း လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတော့ မပြောတတ်ဘူးလေ” ဟု သူမက ပြောပါသည်။ လောကနတ်ပြခန်းတွင် ပြုလုပ်သည့် အုပ်စု ပြပွဲတခုတွင် အမျိုးသား Nude ပန်းချီ တင်ခဲ့ရာတွင် လာရောက်ကြသည့် ဧည့်သည် အတော်များများသည် ယင်း ပန်းချီကားကို မကြည့်ဘဲ မျက်နှာလွှဲသွားကြကြောင်း စန္ဒာခိုင်က ပြန်ပြောပါသည်။

“အစ်မရဲ့ Nude ပန်းချီကားက အမျိုးသား Nude ပန်းချီကားပါ။ အစ်မ အနေနဲ့ ပန်းချီဟာ ပန်းချီပဲ၊ အနုပညာဟာ အနုပညာပဲလေ၊ ကိုယ်ယုံကြည်လို့ ဆွဲတာ။ ဒါပေမယ့် ပန်းချီဆရာ တယောက်က အစ်မကို တော်တော် ရိုင်းပျ စော်ကားတဲ့ စကားတွေ လာပြောသွားတယ်။ အဲဒီတုန်းကဆို အစ်မဖြင့်လေ အရမ်းကို ဒေါသထွက် သွားတယ်။ ဒါပေမယ့် ဘာမှ ပြန်မပြောလိုက်ပါဘူး။ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ်ပဲ လို့ပဲ စိတ်ထဲမှာ ထားလိုက်ပါတယ်”

Nude ပန်းချီနှင့် စိတ်ယဉ်ကျေးမှု

Nude in art သမိုင်းတွင် မကြာခဏ ညွှန်းဆိုနေရသည့် Lord Kenneth Clark ရေးသားသောThe Nude: a Study in Ideal Form ဟူသည့် စာအုပ် တအုပ် ရှိသည်။ ၁၉၅၆ ခုနှစ်က ပထမဆုံး အကြိမ် ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ယင်း စာအုပ်တွင် Lord Kenneth Clark က “To be naked is to be deprived of clothes, and implies embarrassment and shame, while a nude, as a work of art, has no such connotations.” ဟု ရေးသား ထားသည်။

ဆိုလိုသည်မှာ Naked (ကိုယ်လုံးတီး) ဆိုသည်မှ ကိုယ်ခန္ဓာတွင် အ၀တ်အစား၏ အခုအခံ အကာအကွယ် ဗလာ ဖြစ်နေခြင်းကို ခေါ်ပြီး၊ အရှက်တရားနဲ့ စိတ်ကသိကအောက် ဖြစ်မှုကို ဖော်ညွှန်းသော်လည်း Nude မှာ ထိုသို့မဟုတ်ဘဲ အနုပညာ ဖန်တီးပုံဖော်မှုကို ဖော်ညွှန်းသည် ဟု ဆိုသည်။

ဤတွင် ကြည့်ရူသူ၏ မြည်းစမ်းခံစားချက် (Taste)၊ သူ၏ စိတ်တွေးမြင်ရာ ဖြင့်လည်း ဆက်စပ်ယူနိုင်သည်၊ ခံစား နားလည်နိုင်သည် ဟု ဆိုသည်။ ထို့ကြောင့် တိတိပပ နယ်နိမိတ် သတ်မှတ်ပြ၍ မဖြစ်နိုင်ပါ။ စိတ်ဖြင့်သာ တိုင်းတာ နိုင်မည် ဖြစ်ပါသည်။ ယဉ်ကျေးမှု မြင့်မားသည့် လူ့အဖွဲ့အစည်းတွင် Nude ပန်းချီတင်ပြမှုသည် အမြင့်မားဆုံး ဟု ဆိုပါသ ည်။ ။

The post ပန်းချီစန္ဒာခိုင်၏ The Naked Truth ပန်းချီကားများနှင့် စိတ်ယဉ်ကျေးမှု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...