Miss Myanmar International 2018 ဆု ရရှိထားတဲ့ အလှမယ် မေယုခတ္တာကတော့ ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုတယောက်အနေနဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့ပြီးနောက် အနုပညာအလုပ်များ ဆက်မလုပ်နိုင်သေးဘဲ ပညာရေးကို ဦးစားပေးနေရတာကြောင့် အိပ်မက် ၂ ခု ရှိနေတာဟာ ရွေးရခက်တယ်လို့ ပြောပါတယ်။
“ပျောက်ကွယ်သွားတယ်ဆိုတာ တချို့ကျတော့လည်း ပညာရေးပိုင်းကို လုပ်ဆောင်ချင်ကြတယ်။ ညီမ အပါအဝင်ဆိုရင် ညီမဆိုရင်လည်း ကျောင်းမပြီးသေးဘူး။ ကျောင်းဆက် တက်ချင်သေးတယ်။ နိုင်ငံကိုယ်စားပြု Miss တယောက် ဖြစ်ချင်တဲ့အတွက် အိပ်မက် ၂ ခု ရှိတဲ့အခါမှာ ရွေးချယ်ရ အရမ်းခက်တယ်”
“အနုပညာပိုင်းကို သွားမလား။ ပညာရေးပိုင်းကို သွားမလားဆိုတာ အရမ်းရွေးရခက်တယ်။ တချို့ဆိုရင် ပညာရေးကို အပြီးထိလုပ်ပြီး ပုံစံတမျိုးနဲ့ ပရိသတ်ရှေ့ရောက်လာတယ်။ တချို့ကျတော့လည်း အနုပညာပိုင်း ကို သွားလိုက်ကြတယ်။ ဒီလိုမျိုးတွေရှိတယ်လို့ ထင်ပါတယ်”လို့ အလှမယ် မေယုခတ္တာက ပြောပါတယ်။
လက်ရှိမှာလည်း မေယုခတ္တာက စတုတ္ထနှစ် Electronic Engineering တက်နေပြီး ပညာရေးပိုင်းကို အားစိုက်နေရတဲ့အတွက် အနုပညာအလုပ်ကို မလုပ်ဖြစ်သေးဘဲ ရှိနေတယ်လို့ ဆိုပါတယ်။
“ညီမဆိုရင်လည်း ကျောင်းဆက်တက်နေရတုန်းပဲ။ ပရိသတ်တွေနဲ့ အဆက်ပြတ်သွားတာမျိုးတွေ ရှိတယ်။ တချို့ကျတော့ အနုပညာပဲ တစိုက်မတ်မတ် လုပ်တဲ့အတွက် ပရိသတ်ရှေ့ကနေ ပျောက်ကွယ် မသွားဘူး။ အဲ့လိုမျိုးထင်ပါတယ်။ ဒီလိုမျိုးပျောက်ကွယ်သွားတယ် ဆိုတာကလည်း ခဏတာပဲ ထင်ပါတယ်။ တကယ်ကို ဆန္ဒရှိတဲ့သူ၊ အနုပညာ လုပ်ဆောင်ချင်တဲ့သူက ဘယ်လောက်ပဲ အခက်အခဲရှိပါစေ။ ကျော်လွှားနိုင်မယ် ထင်ပါတယ်”လို့ မေယုခတ္တာက ပြောပါတယ်။
ကျောင်းပြီးသွားတဲ့အခါမှာ ဆက်လက် လုပ်ကိုင်သွားချင်တဲ့ အပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း မေယုခတ္တာက အခုလိုပဲ ပြောပြခဲ့ပါတယ်။
“ညီမကတော့ Modelling ပိုင်းကို အားသန်တယ်။ Catwalk လျှောက်ရရင် ပျော်တယ်။ Show တွေ လျှောက်ရရင် ပျော်တယ်။ ကြော်ငြာတွေ ရိုက်ရရင် ပျော်တယ်။ ဓာတ်ပုံတွေ ရိုက်ရရင် ပျော်တယ်”လို့ မေယုခတ္တာက ပြောပါတယ်။
တချို့သော အလှမယ်ရရှိခဲ့တဲ့ သူများမှာ သရုပ်ဆောင်ဘက်ကိုကူးကာ လုပ်ကိုင်နေကြသလို တချို့မှာလည်း အဆိုတော် တယောက်အနေနဲ့ ရပ်တည်လာကြတဲ့အပေါ် မေယုခတ္တာအနေနဲ့ ဘယ်လိုမြင်မိလဲဆိုတာကိုလည်း အခုလိုပဲ ဆိုပါတယ်။
“အနုပညာလို့ ပြောလိုက်ပြီဆိုကတည်းက သီချင်းဆိုတာလည်း ပါတယ်။ မင်းသမီးလုပ်တာလည်း ပါတယ်။ မော်ဒယ်လ်လုပ်တာလည်း ပါတယ်။ အနုပညာလုပ်ချင်တယ်ဆိုရင် ဘယ်အပိုင်းကို လုပ်ချင်လဲပေါ့။ တချို့ ကျတော့လည်း ပုန်းကွယ်နေတဲ့ အရည်အချင်းတွေ ရှိတယ်။ ဒါတွေကို သိလိုက်တဲ့အခါမှာ မော်ဒယ်လ် တယောက် လုပ်နေပေမယ့် သူ သီချင်းဆိုကောင်းတယ် မသိဘူး”
“သိလိုက်တဲ့အခါမှာ သူသီချင်းဆိုတာ ဝါသနာ ပိုပါတယ်။ အဲ့လိုနဲ့ ပြောင်းလဲသွားတယ်လို့ ထင်တယ်။ ညီမအနေနဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်ကို အကောင်းဆုံး လုပ်ကိုင်စေချင်တယ်”လို့ မေယုခတ္တာက ပြောပါတယ်။
မေယုခတ္တာကတော့ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဂျပန်နိုင်ငံသို့သွားရောက်ကာ Miss International 2018 ကို သွားရောက်ယှဉ်ပြိုင်၊ ပြိုင်ပွဲဝင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ သူဟာ အသက် ၁၉ နှစ်သာ ရှိသေးတယ်လို့ ဆိုပါတယ်။
You may also like these stories:
အနုပညာလောကမှာ ဂုဏ်သိက္ခာရှိရှိနဲ့ ရပ်တည်ချင်သူ အလှမယ် စဝ်ယွန်းဝတီဦး
မွေးနေ့အကြို အလှူတွေ လုပ်ဖြစ်မယ့် “Miss Myanmar World 2018” အလှမယ် ဟန်တီ
“ရည်မှန်းချက်က Miss Universe Myanmar တယောက် ဖြစ်လာဖို့” ဆိုတဲ့ အမရာငြိမ်း
Miss Universe Myanmar ဖြစ်ချင်တဲ့ အိပ်မက် တကယ်ဖြစ်ခဲ့လို့ ပျော်နေတဲ့ အလှမယ် ဆွေဇင်ထက်
The post ပညာရေးနဲ့ အနုပညာကို ရွေးရခက်နေတဲ့ အလှမယ် မေယုခတ္တာ appeared first on ဧရာဝတီ.