ဟာသ သရုပ်ဆောင်ညောင်ညောင်က လက်ရှိမှာ “ညီညီဘမောင်”နာမည်နဲ့ ဒါရိုက်တာ၊ ဇာတ်လမ်းဇာတ်ညွှန်း အလုပ်တွေကို ရေးနိင်သလောက် လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ ဇာတ်ညွှန်းတွေလည်း ရေးဖြစ်နေပါတယ်။ ကျနော်က မြန်မာစာနဲ့ ကျောင်းပြီးထားတော့ ဇာတ်လမ်း၊ဇာတ်ညွှန်းရေးရတာ စိတ်ဝင်စားတယ်။ ကိုယ်တိုင်လည်း စာရေးစာဖတ်ဝါသနာပါတယ်။ အဲ့ဒါကြောင့် ဇာတ်ညွှန်းတွေရေးနိင်သလောက်ရေး မယ်။ သရုပ်ဆောင်အလုပ်ရော ဇာတ်ညွှန်းရေးတာရော အချိန်ရရင်ရသလို လုပ်သွားမှာပါ” လို့ ညောင်ညောင်က ဆိုပါတယ်။
ညောင်ညောင်က လက်ရှိ ရုံတင်ပြသနေတဲ့ “Lady Boy” ဇာတ်ကားမှာ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်သလို ဇာတ်ညွှန်းလည်း ရေးသားထားတယ်လို့ ဆိုပြီး ဒီဇာတ်ကားက ထိုင်းနိုင်ငံနဲ့ ပူးပေါင်းရိုက်ကူးထားတာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ ရိုက်ကူးရေး ကွာခြားတဲ့ အချက်တွေကိုလည်း အခုလိုဆိုပါတယ်။
“ထိုင်းနဲ့ မြန်မာနဲ့ ဘာတွေ ကွာခြားလဲဆိုတော့ အနုပညာအရ သိပ်မကွာလောက်ပါဘူး။ ကိုယ့်အစွဲနဲ့ ကိုယ်မို့ ပြောတာတော့ မဟုတ်ပါဘူး။ တချို့နေရာတွေမှာ ကိုယ်တွေဘက်ကလူတွကို သူတို့က ပြန်အံ့သြရတဲ့ အပိုင်းတွေ ရှိတယ်။ ကျနော်တို့ လုပ်ပုံကိုင်ပုံ စနစ်ကျပုံချင်းတော့ နည်းနည်းကွာတယ်လို့ သူတို့က ပြောသွားတယ်။ ဟိုမှာက ဘယ်လိုသွားမယ် ဘယ်လိုလုပ်မယ် ဆိုတာ သူတို့ဟာသူတို့ ထောင့်ကိုစိနေတာ။ အလုပ်လုပ်တာ တိကျတယ်”
“အဲ့လို နေရာမျိုးမှာတော့ ကွာတယ်။ အနုပညာ အရည်အသွေးမှာတော့ မတိမ်းမယိမ်း သူသာလိုက် ကိုယ်သာလိုက်လို့ ပြောလို့ရတဲ့ အခြေအနေမျိုးပေါ့။ အဲ့လိုမျိုး သွားယှဉ်လိုက်တော့ သူတို့က နည်းပညာ ပံ့ပိုးမှု အရမ်းကောင်းလို့ သာသွားတာ။ ရိုက်ကွင်းမှာလည်း ရေခဲရေကအစ ဗန်းနဲ့ တိုက်လို့ရတဲ့နေရာကို လိုက်တိုက်တယ်”
“ လှည်းနဲ့ လိုက်တိုက်လို့ ရရင် လိုက်တိုက်တယ်။ မနက် ၅ နာရီလောက်ဆိုရင် ပတ်နှိုးနေပြီ။ အကုန်လုံးလည်း ထကြတယ်။ ကားတွေက Alphard လို အန်စာတုံးလို ကားတွေနဲ့ စုသွားကြတာ။ ပင်ပန်းပေမဲ့ ပင်ပန်းရကျိုးနပ်တယ်” လို့ ညောင်ညောင်က ဆိုပါတယ်။
လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားဟောင်းတွေကို TV Channel တွေက ပြန်လည်ထုတ်လွှင့်ပြသနေတာနဲ့ ပတ်သက်ပြီးတော့လည်း သူ့အမြင်ကို အခုလိုဆိုပါတယ်။
“ ရုပ်ရှင်ဇာတ်ကားဟောင်းတွေ ပြန်လွှင့်တော့ ပြန်ကြည့်ရတာပေါ့။ တခုရှိတာက ရုပ်ရှင်ကားတွေ TV မှာ ပြန်ပြမယ် ဆိုရင် အနုပညာရှင်တွေ အကုန်လုံးမှာ နစ်နာမှု ရှိတယ်။ ဒါပေမဲ့ ပရိုဂျူဆာကတော့ သာတယ်။ ဘာလို့လဲ ဆိုတော့ သူက တဖက်ကို ပြန်ရောင်းစားတာဖြစ်တဲ့ အတွက် ပိုက်ဆံထပ်ရတာကိုး။ အဲ့လိုပေါ့ ပရိုဂျူဆာလည်း ရ၊ ကိုယ်တွေလည်း အချိုးကျလေး မျှမျှတတလေး ရရင်တော့ ကောင်းတာပေါ့ မျှော်လင့်တာပေါ့ ”လို့ ညောင်ညောင်ကဆိုပါတယ်။
ညောင်ညောင်က သရုပ်ဆောင်အလုပ်နဲ့ နှစ်ပေါင်းများစွာ အနုပညာလောကမှာ ရပ်တည်နေနိုင်သူတဦးလည်း ဖြစ်ပါတယ်။
You may also like these stories:
“ကြာတော့သည်လည်း မောင့်စကား” ရုပ်ရှင်ဇာတ်ညွှန်းရေးခဲ့ရတာ နောင်တမရတဲ့ မိုးနီလွင်
အနုပညာလောကသားအချင်းချင်း ကူညီနိုင်ဖို့ စတင်တဲ့ ခေတ်သစ်ဖောင်ဒေးရှင်း
အနုပညာကိုဖျော်ဖြေရေးလို့ အဆိပ်ခတ်ခံထားရတယ် ဆိုပြီး အကယ်ဒမီဆွေဇင်ထိုက်ပြော
The post သရုပ်ဆောင်အပြင် ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးတဲ့ အလုပ်ကိုပါတွဲလုပ်နေတဲ့ ညောင်ညောင် appeared first on ဧရာဝတီ.