ဆွီဒင်အဆိုတော်အဖွဲ့ ABBA ရဲ့ အဖွဲ့ဝင် Björn Ulvaeus က အခုနှစ်နှောင်းပိုင်းလောက်မှာ သူတို့အဖွဲ့ဟာ သီချင်းအသစ်တချို့ကို ဖြန့်ချိမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
၂၀၁၈ ခုနှစ်တုန်းက သူတို့အဖွဲ့ဟာ စတူဒီယိုနဲ့ နှစ်ပေါင်း ၃၅ နှစ်ကျော်ကြာ ဝေးကွာခဲ့ပြီးတဲ့နောက်ပိုင်း ပထမဆုံးအနေနဲ့ သီချင်းအသစ် တပုဒ်ကို အသံသွင်းယူခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီနှစ်ရဲ့ ခရစ်စမတ်ကာလမှာ သီချင်းအသစ် ထွက်လာမယ်လို့ အားလုံးက မျှော်လင့်ခဲ့ကြပေမယ့် ဖြစ်မလာခဲ့ပါဘူး။
အသစ်ပြုလုပ်တဲ့အင်တာဗျူးတခုမှာ အဖွဲ့ဝင် Ulvaeus က ABBA ဟာ စတိတ်စင်ပေါ်မှာ အတူတူ ပြန်လည် ဖျော်ဖြေမယ့် ကိစ္စကို ငြင်းခဲ့ပေမယ့် ၂၀၂၀ နှစ်ကုန်မတိုင်မီ သီချင်းအသစ် ဖြန့်ချိမယ်လို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
CNBC မီဒီယာနဲ့ ပြုလုပ်ခဲ့တဲ့ မေးမြန်းခန်းမှာ ပရိသတ်တွေက နောက်ထပ် သီချင်းအသစ်ကို မျှော်လင့်လို့ရပြီလားဆိုတဲ့ မေးခွန်းကို ထုတ်လုပ်သူနဲ့ သီချင်းရေးဆရာ Ulvaeus က “အခုနှစ် တချိန်ချိန်မှာ ဖြစ်မယ်လို့ ထင်ပါတယ်။ ဟုတ်ပါတယ်။ ကျနော် အဲ့ဒီလိုထင်ပါတယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း အဖွဲ့ဝင်တဦးဖြစ်တဲ့ Benny Andersson က သူတို့အဖွဲ့ဟာ အခုနှစ်ကုန်ပိုင်းလောက်မှာ သီချင်းအသစ်တွေကို ဖြန့်ချိမယ်လို့ မျှော်လင့်ရတဲ့အကြောင်း ပြောဆိုခဲ့ပြီးတဲ့နောက်ပိုင်း အခုလို မှတ်ချက်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
သူက “အခုနှစ်မှာ လာမှာပါ။ ဒီနွေရာသီ အပြီးမှာ ဖြစ်မယ်လို့ ခန့်မှန်းပါတယ်။ ဒါပေမဲ့ ကျနော်က ခန့်မှန်းရုံပဲ ခန့်မှန်းတာပါ။ တကယ်တော့ မသေချာပါဘူး။ အဲ့ဒီလိုတော့ ထင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
“I Still Have Faith In You” လို့အမည်ပေးထားတဲ့ သီချင်းအသစ်တပုဒ်ကိုတော့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလမှာ BBC ကနေ ထုတ်လွှင့်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါ့အပြင် “Don’t Shut Me Down” ဆိုတဲ့ နောက်ထပ် သီချင်း အသစ်တပုဒ်ကိုလည်း ဖြန့်ချိဖို့ ထပ်မံပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ထွက်မလာခဲပါဘူး။ အဖွဲ့ဝင် Ulvaeus ပြောဆိုတဲ့ သီချင်းအသစ်ဆိုတဲ့အထဲမှာ အဲ့ဒီသီချင်း၂ပုဒ် အကျုံးဝင်လားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အင်တာဗျူးထဲမှာတော့ ၃၅ နှစ်ကြာခဲ့ပြီးတဲ့နောက် ကျန်တဲ့ ABBA အဖွဲ့ဝင်တွေနဲ့အတူ စတူဒီယိုထဲကို ပြန်ဝင်ရတာဟာ တော်တော်လေးကို ကျေနပ်ဖို့ကောင်းတဲ့အကြောင်း ပြောပါတယ်။
သူူက “မနေ့တနေ့ကလို ကျနော်တို့က အချိန်ကို နောက်ပြန်လှည့်သွားသလို ဖြစ်ခဲ့ရပါတယ်။ တော်တော်လေးကို ထူးဆန်းပါတယ်။ ကျနော်တို့ကြားမှာရှိတဲ့ အဲ့ဒီခံစားချက်ဟာ တော်တော်လေးကို ထူးခြားပါတယ်” လို့ ပြောခဲ့ပါတယ်။
၁၉၇၂ ခုနှစ်တုန်းက ဆွီဒင်နိုင်ငံမှာ ဖွဲ့စည်းခဲ့တဲ့ ABBA အဖွဲ့ဟာ “Mamma Mia”၊ “Dancing Queen”၊ “Chiquitita” နဲ့ “Super Trooper” တို့အပါအဝင် သီချင်းတွေကို သီဆိုခဲ့ပြီး သူတို့ရဲ့ ဂီတသက်တမ်း တလျှောက်လုံးမှာ အယ်လ်ဘမ်ချပ်ရေ သန်း ၄၀၀ ကျော် ရောင်းချခဲ့ရပြီးလည်း ဖြစ်ပါတယ်။ ABBA အဖွဲ့ဟာ ၁၉၈၂ ခုနှစ်ကစလို့ ပရိသတ်ရှေ့မှောက်မှာ ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့တာမျိုး မရှိခဲ့ပါဘူး။
Ref: nme.com
The post အခုနှစ်ကုန်ပိုင်းမှာ ABBA အဖွဲ့ရဲ့ သီချင်းသစ် ဖြန့်ချိမည် appeared first on ဧရာဝတီ.