မင်းသား လီမင်ဟို ပါဝင်တဲ့ “The King: Eternal Monarch” စီးရီးကို မကြာသေးခင်က ပြသပြီးတာ ဖြစ်ပေမယ့် အသက် ၃၂ နှစ်အရွယ် မင်းသား လီဟာ ဆိုရှယ်မီဒီယာပေါ်မှာ အခုအထိ မင်းမူနေတာ တွေ့ရပါတယ်။
တောင်ကိုရီးယားမီဒီယာ Naver ရဲ့ အဆိုအရ မင်းသား လီဟာ သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေ အားလုံးကို စုပေါင်းလိုက်မယ်ဆိုရင် Follower အများဆုံး ကိုရီးယားသရုပ်ဆောင်ဖြစ်တယ်လို့ သိရပါတယ်။
မင်းသားဟာ Facebook မှာ Follower အရေအတွက် ၁၇ ဒဿမ ၄ သန်း၊ Instagram မှာ ၁၆ ဒဿမ ၇ သန်း၊ Twitter မှာ ၂ ဒဿမ ၉ သန်း နဲ့ တရုတ်လူမှုကွန်ရက်မီဒီယာ Weibo မှ ၂၈ ဒဿမ ၆ သန်း ရှိပါတယ်။ ၂၀၁၁ ခုနှစ်တုန်းက “City Hunter” နဲ့ ၂၀၁၃ ခုနှစ်မှာ “The Heirs” တို့လိုမျိုး ဒရာမာတွေမှာ ခေါင်းဆောင်အနေနဲ့ ပါဝင်ခဲ့ပြီး ရုပ်ရည်ချောမောမှုကြောင့် လူသိများတဲ့ မင်းသားဟာ ပြီးခဲ့တဲ့နှစ်ကမှ စစ်မှုထမ်းကာလ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ “F4” ရုပ်သံဇာတ်လမ်းတွဲနဲ့ တရှိန်ထိုး နာမည်ရခဲ့တဲ့ မင်းသား လီဟာ စစ်မှုထမ်းဆောင်ပြီးတဲ့နောက် ပထမဆုံး အနုပညာ လှုပ်ရှားမှုအနေနဲ့ “The King: Eternal Monarch” ဒရာမာကို လက်ခံ ရိုက်ကူးခဲ့ပါတယ်။

အဲ့ဒီ ဒရာမာမှာ မင်းသားနဲ့အတူ ၂၀၁၆ ခုနှစ်တုန်းက အထူးအောင်မြင်ခဲ့တဲ့ “Goblin” ဒရာမာ မင်းသမီး ကင်ဂိုအွန်းတို့က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မင်းသားလီက သူ့ကို အားပေးကြပြီး “The King” ဒရာမာကို ကြည့်ရှုပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း မကြာသေးခင်တုန်းက ပြောဆိုခဲ့ပါတယ်။
Soompi သတင်းရဲ့အဆိုအရ မင်းသားက “ဒီဒရာမာဟာ ကျနော်အသက် ၃၀ ကျော်မှာ ပထမဆုံး သရုပ်ဆောင်တဲ့ ဒရာမာဖြစ်ပါတယ်။ ကျနော့် အနာဂတ် နောက်ထပ် စာမျက်နှာကို အလှဆင်မယ့် အားဖြည့်တဲ့အချိန်တခု ဖြစ်လာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ အချိန် အကြာကြီးစောင့်နေပေးခဲ့ကြတဲ့ ပရိသတ်တွေနဲ့ ကြည့်ရှုသူတွေကို ကျေးဇူးတင်ချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒီဒရာမာဟာ တောင်ကိုရီးယားနိုင်ငံမှာထက် တခြားနိုင်ငံတွေမှာ လူကြည့်နှုန်း အခြေအနေ ပိုကောင်းခဲ့တာကို တွေ့ရပါတယ်။ ကမ္ဘာတဝန်းက ပရိသတ်တွေအနေနဲ့ Netflix ကနေ ကြည့်ရှုနိုင်ပြီး အခုအချိန်အထိတော့ ဒေသတွင်းမှာ ပြသခဲ့ဖူးသမျှ Netflix ရဲ့ ဒရာမာတွေထဲမှာ လူကြည်နှုန်းအများဆုံးအဖြစ် မှတ်တမ်းဝင်ထားပါတယ်။
Ref: straitstimes
The post ဆိုရှယ်မီဒီယာမှာ Follower အများဆုံး ကိုရီးယားမင်းသား လီမင်ဟို appeared first on ဧရာဝတီ.