အနုပညာအလုပ်တခုပဲ လုပ်တတ်ပြီး အနုပညာအလုပ်တွေ ရပ်သွားတဲ့အခါ အခက်အခဲတွေ ရှိနေခဲ့တဲ့ သရုပ်ဆောင် ညီဂျော်က အနုပညာအလုပ်ဆိုတာ အသက်ကြီးလာတဲ့အခါမျိုးမှာ အာမခံချက် မရှိဘူးလို့ ဧရာဝတီကို ပြောပါတယ်။
“အခုလို ကိုဗစ်ကြီးကို ဖြတ်ကျော်ပြီး ရတဲ့အလုပ် လုပ်ကြတာကိုလည်း အားပေးပါတယ်။ ဒီလိုရပ်တည်မှလည်း ရမှာ။ နောက်ပြီး အနုပညာဆိုတာက ကျနော်တို့သိထားတာ ကျနော်တို့လို အသက်ကြီးလာရင် ပိုဆိုးတာပေါ့နော်။ အာမခံချက် မရှိဘူး။ ရတဲ့အလုပ်လေးနဲ့ စားဝတ်နေရေးအတွက် ရပ်တည်တာကို အားပေးပါတယ်”
“ကိုဗစ်ကြီးပြီးလို့ အနုပညာကို လုပ်မယ်ဆိုရင်လည်း အမြဲတမ်း စားဝတ်နေရေးအတွက် သတိလေး ထားပြီးတော့ ကိုဗစ်တုန်းက ငါတို့ဘယ်လို ရပ်တည်တယ်။ အဲဒီအတွက် အလုပ်ကို တခုတည်း မလုပ်ဘဲနဲ့ စားဝတ်နေရေးအတွက် အလုပ်ကို ကြံဆထားဖို့ လိုပါတယ်” လို့ ညီဂျော်က ပြောပါတယ်။
အနုပညာအလုပ်တခုပဲ လုပ်တဲ့အတွက် အနုပညာအလုပ်များ ရပ်သွားတဲ့အချိန်မှာ လှည့်ပတ်နေထိုင်ရင်း အခုဆိုရင် ၃ လကျော်ခဲ့ပြီဖြစ်တဲ့အတွက် အခက်အခဲ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့က ဒီအနုပညာတခုပဲ လုပ်တော့ ဒီအနုပညာ ရပ်သွားတော့ အခက်အခဲ ရှိတာပေါ့လေ။ ဒီလိုပဲ လှည့်ပတ်နေရင်းနဲ့ ၃ လကျော် ရှိလာခဲ့တာပေါ့။ သားကလည်း သင်္ဘောလိုက်နေရင်း ပြန်နားတာ တော်တော်ကြာသွားတော့ အခက်အခဲ ရှိတာပေါ့” လို့ ညီဂျော်က ပြောပါတယ်။
ဆက်လက်ပြီး “ရုပ်ရှင်လောကက အများနဲ့ဆက်ဆံရတဲ့ အလုပ်ဖြစ်တော့ ကိုဗစ်ဆိုတာကလည်း အများတောထဲ မသွားရဘူး ဆိုတော့ ရုပ်ရှင်လောကသား အကုန်လုံး အခက်အခဲ ဖြစ်ရတာပေါ့။ ကိုယ်တွေတင်ပဲလား ဆိုတော့လည်း မဟုတ်ဘူး။ စီးပွားရေးအားလုံးလည်း ကျပ်တည်းတယ်။ အများနဲ့အတူရင်စည်းပြီး ခံရမှာပေါ့။ မကြာခင်မှာလည်း ကိုဗစ်ကြီးကို ဖြတ်ကျော်နိုင်တဲ့ အဆင့် ရောက်လာမှာပါ” လို့ ပြောပါတယ်။
ကိုဗစ်ကာလအတွင်း အဆိုးထဲက အကောင်းဆိုရင်တော့ ရှိတဲ့အလုပ်တွေကို ရှာကြံ လုပ်ကိုင်ရင်း ကြိုးစားရပ်တည်လာတာကို အားပေးတယ်လို့ ဆိုပါတယ်။
ဖခင်ဖြစ်သူ ဦးစီးလုပ်ကိုင်ခဲ့တဲ့ “ဂျော်လီဆွေနဲ့ သားများ” ရုပ်ရှင်ထုတ်လုပ်ရေးကိုလည်း ဗီဒီယိုလောကလုံးဝ မပျက်ခင် ၂၀၁၅ ခုနှစ်မှာပဲ ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။
အစ်ကိုဖြစ်သူ သရုပ်ဆောင် ထူးသာကတော့ “Oscar” ရုပ်ရှင်သင်တန်းကျောင်းကို တွဲဖက်ပြီး သင်ကြားပေးလျက်ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
ငွေကြေးအလိမ်ခံရလို့ မရူးရုံတမယ် ဖြစ်ခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ဘိုမ
ထီး၊ ဖိနပ်ချုပ်ပြီး မိဘကို ရှာကျွေးနေတဲ့ ဟာသသရုပ်ဆောင် ပါကျဲ
တက္ကစီမောင်းတာ ၁ နှစ်ကျော်ပြီဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် အောင်တိုး
The post “အနုပညာအလုပ်က အသက်ကြီးရင် အာမခံချက် မရှိဘူး” appeared first on ဧရာဝတီ.