၂၀၁၆ ခုနစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ပြည်သူ့ရင်ပြင်တွင် ကျင်းပရခြင်းမှာ နေရာအခက်အခဲကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ပြောပါတယ်။
ဒီ ထူးချွန်ဆုပေးပွဲကို လာမယ့် မတ်လ ၁၈ ရက်နေ့မှာ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။
“ဒီနှစ် ပြည်သူ့ရင်ပြင်မှာ ကျင်းပမယ်ဆိုတာကလည်း နေရာမရှိလို့ပါ။ နေရာအခက်အခဲတွေကြောင့် ခွင့်ပြုရခြင်း ဖြစ်ပါတယ်။ နောက်နှစ်တွေ ဒီမှာပဲ ကျင်းပနိုင်မလားက မသေချာပါဘူး” လို့ ဦးလူမင်းက ပြောပါတယ်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲသမိုင်းတွင် တကြိမ်တခါမှ မကျင်းပခဲ့ဖူးသော ပြည်သူ့ရင်ပြင်တွင် ရွှေတိဂုံဘုရားကို နောက်ခံထားကာ ကျင်းပခွင့်ရရှိခြင်းလည်း ဖြစ်ပါတယ်။
ယခုကဲ့သို့ ကျင်းပခွင့်ရရှိရန် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး ထိုကဲ့သို့ အခက်အခဲတွေဟာလည်း ပွဲကျင်းပရန် နေရာရှားပါးခြင်းကြောင့် ဖြစ်တယ်လို့ ဦးလူမင်းက ဆိုပါတယ်။
၂၀၁၆ ခုနစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲဟာ မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ရန် ၃ နှစ် အလိုကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ အကယ်ဒမီ ရွှေစင်ရုပ်တု ၁၀၀ နဲ့ လှပခမ်းနားအောင် ပြင်ဆင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက၂၀၁၆ ခုနှစ်အတွက် ပေးအပ်မယ့် အကယ်ဒမီထူးချွန်ဆုတွေကတော့ (၁) ဇာတ်ကားဆု၊ (၂) ဒါရိုက်တာဆု၊ (၃) အမျိုးသားဇာတ်ဆောင်ဆု၊ (၄) အမျိုးသမီးဇာတ်ဆောင်ဆု၊ (၅) အမျိုးသားဇာတ်ပို့ဆု၊ (၆) အမျိုးသမီးဇာတ်ပို့ဆု၊ (၇) ရုပ်ရှင်ဓာတ်ပုံဆု၊ (၈) ရုပ်ရှင်ဇာတ်ညွှန်းဆု၊ (၉) ရုပ်ရှင်တေးဂီတဆု၊ (၁၀) ရုပ်ရှင်အသံဆု၊ (၁၁) ရုပ်ရှင်တည်းဖြတ်ဆုနဲ့ အထူးဆုတို့ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
The post ၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီပွဲ ပြည်သူ့ရင်ပြင်မှာ ဘာကြောင့်ကျင်းပသလဲ appeared first on ဧရာဝတီ.