အမျိုးသမီး ရက်ပ်ပါ (Rapper) တွေ နည်းပါးတဲ့ မြန်မာနိုင်ငံမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေး Rapper အဆိုတော်တဦး ပေါ်ထွက်လာပါတယ်။ သူ့နာမည်ကတော့ ပြုံးမြသွယ်ပါ။ အသက် ၉ နှစ်အရွယ်လောက်က စလို့ တေးသီချင်းတွေနဲ့ ရင်းနှီးလာခဲ့တဲ့ ပြုံးမြသွယ်ဟာ အခုခေတ် ဆယ်ကျော်သက်တွေ သဲသဲလှုပ်သဘောကျနေတဲ့ X-Box, Lit’Z, G- Fatt, J Fire, ရွှေထူးတို့နဲ့ တွဲဖက်ပြီး သီဆိုနေသူတဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် လူငယ် ရက်ပ်ပါမလေး ပြုံးမြသွယ်ကို ဧရာဝတီ သတင်းထောက် ထက်ဦးဝေက သူ့ရဲ့ အနုပညာနဲ့ပတ်သက်လို့ မေးမြန်းပြောဆိုထားပါတယ်။
မေး။ ။ ညီမလေးရဲ့ အသက်နဲ့ ပညာအရည်အချင်းလေး အရင်ဆုံး ပြောပြပေးပါဦး။
ဖြေ။ ။ သမီးက လာမယ့် ဇူလိုင်လမှာ ၁၃ နှစ်ပြည့်မှာပါ။ ကျောင်းကတော့ Total Brain Works (တောင်ကြီး) မှာ တက်နေပါတယ်။
မေး။ ။ အနုပညာလောကကို ဘယ်အချိန်လောက်က စပြီး ဝင်ရောက်လာခဲ့တာလဲ။
ဖြေ။ ။ သမီး အသက် ၉ နှစ်လောက်ကပါ။ ၂၀၁၃ လောက်ပေါ့။ Sea Game ပြိုင်ပွဲမှာ ဦးဆောင်းဦးလှိုင်သမီးနဲ့ “အောင်သပြေ ပန်းနဲ့လမ်း” ဆိုတဲ့ သီချင်းကို စပြီး ဆိုခဲ့တာ။
မေး။ ။ အနုပညာအလုပ်ကို ဝါသနာကြောင့်ပဲ လုပ်တာလား၊ အိမ်ကရော သဘောတူရဲ့လား။
ဖြေ။ ။ ဟုတ်၊ ဝါသနာကြောင့်ပါပဲ။ အိမ်က အစကတော့ သဘောမတူဘူး။ မလုပ်နိုင်ဘူးထင်ပြီး ပေးမလုပ်ချင်ဘူးပေါ့နော်၊ ကျောင်းတဖက်နဲ့ ဆိုတော့။ အခုတော့ စင်ပေါ်တက်ပြီး ဆိုလာပြီ၊ လုပ်နိုင်တာလည်း သိတော့ မတားတော့ပါဘူး။
မေး။ ။ တခြား ဝါသနာတွေရော ရှိသေးလား။
ဖြေ။ ။ ဟုတ်၊ တခြားဝါသနာတွေ ရှိပါတယ်။ သမီး အခုဆိုရင် စာတွေ ဖတ်နေပါပြီ။ အရင်တုန်းကတော့ စာဖတ် အရမ်းပျင်းတယ်။ မေမေက စာဖတ်ပြမှတို့၊ ညအိပ်ခါနီးဆိုရင် ဖေဖေက ပုံပြင်ပြောပြတယ်။ အဲလိုမျိုးတွေမှ သမီးက စာဖတ်ဖြစ်တာ။ ဒီတိုင်းကျတော့ မဖတ်ဖြစ်ဘူး။ အခုတော့ စာတွေ ဖတ်လာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သီချင်းရေးရင် စာဖတ်အား စာရေးအား လိုတယ်လေ။ နောက်ပြီး သမီးဝါသနာပါတာက ရေကူးတာ၊ ဘတ်စကက်ဘော ဆော့တာ၊ နောက်ပြီး အကလည်း ဝါသနာပါပါတယ်။ ဝါသနာပါတာတွေကတော့ အများကြီးပဲ။
မေး။ ။ အကဆိုတာကရော ဘယ်လို အကမျိုးကို ဝါသနာပါတာလဲ။
ဖြေ။ ။ အကက Disco အကပေါ့။ မြန်မာအကကိုလည်း သင်ချင်ပါတယ်။ ကိုယ့်ရိုးရာ အကဆိုတော့လေ၊ တကယ်လို့ တခြားနိုင်ငံကို သွားလို့ရှိရင် ကိုယ့်ရိုးရာအကကို ကပြနိုင်ရင် တမူပိုပြီး ထူးဆန်းမယ်လို့ ထင်လို့ပါ။
မေး။ ။ Rapping တွေ ဆိုတဲ့အခါမှာ အခက်အခဲတွေ ရှိခဲ့လား။
ဖြေ။ ။ ရှိပါတယ်။ အခက်အခဲတွေကတော့ အများကြီးပေါ့နော်။ တခါတလေကျ ကျောင်းက တဖက်နဲ့ ပွဲတွေက တဖက်ဆိုရင် စနေ၊ တနင်္ဂၤနွေမှ သွားဖြစ်တာရှိတယ်။ တကယ်လို့ ကိုယ်သွားချင်တဲ့ ပွဲဆိုရင်တော့ ကျောင်းဖျက်ပြီး သွားဖြစ်တာ ရှိပါတယ်။
မေး။ ။ Rap သီချင်းအမျိုးအစားကိုပဲ ဝါသနာပါလို့ Rap ပဲ ဆိုတာလား။
ဖြေ။ ။ အစတုန်းကကျတော့ သမီးက မယ်လိုဒီဆိုလို့ရှိရင် အသံက ကီးကြောင်ကြောင်သွားတတ်တယ်။ Rap ပိုင်းမှာပဲ ပိုအားသန်တဲ့အခါကျတော့ Rap ပဲ ဆိုဖြစ်တာပါ။
မေး။ ။ အနုပညာတဖက်၊ ကျောင်းတဖက်ဆိုတော့ ပညာရေးနဲ့ အလုပ်ကို ဘယ်လို ခွဲခြားထားလဲ။
ဖြေ။ ။ ပညာရေးကိုတော့ ကျောင်းစာလုပ်ရမယ့်အချိန်မှာ ကျောင်းစာလုပ်တယ်။ ပြီးရင် အနုပညာလုပ်ရမယ့်ရက်ကို သပ်သပ်ခွဲထားတယ်ပေါ့။ ဒါပေမယ့် တခါတလေ ကျောင်းဖွင့်ရက်တွေမှာ ပွဲတွေဘာတွေ ရှိရင် အရေးကြီးတဲ့ပွဲ၊ အရမ်းသွားချင်တဲ့ ပွဲဆိုရင် ကျောင်းဖျက်ပြီး သွားတယ်။ ကျောင်းမှာတော့ ဆရာဆရာမတွေကလည်း သမီး ဒီလိုလုပ်နေတာတွေ သိနေတော့ သူတို့ကိုလည်း သွားစရာရှိတယ်လို့ ပြောလိုက်ရင် ခွင့်ပြုတယ်။ ပြန်ရောက်လာတဲ့နေ့ကျရင်တော့ စာတွေ ပြန်ပေးလိုက်တယ်။ အိမ်စာလုပ်ဖို့ပေါ့။
မေး။ ။ အခု လက်ရှိမှာရော ဘာတွေလုပ်နေလဲ။
ဖြေ။ ။ အခုက အစကတော့ ဒီနှစ်ကုန် ဒီဇင်ဘာလောက်မှာ သမီး တကိုယ်တော်အခွေ ထွက်မလို့ စီစဉ်နေတာပေါ့။ ဒါပေမယ့် အခုတော့ အဲဒီအစီအစဉ်ပြောင်းပြီးတော့ အတွဲခွေ အရင်ထွက်ဖို့ လုပ်ထားပါတယ်။ ဘယ်တော့လောက် ထွက်မလဲဆိုတာတော့ သမီး အွန်လိုင်းမှာ တချက်ပြန်ပြောပေးပါမယ်။ အခုမှ စီစဉ်နေတုန်းဆိုတော့လေ။ အစကကျတော့ တကိုယ်တော်အခွေဆိုတော့ သီချင်းတွေက ၆ ပုဒ်လောက် စုပြီးသွားပြီ။ ဒါပေမယ့် ကိုယ်က တယောက်တည်း အရင်မထွက်ဘဲနဲ့ ကိုယ်နဲ့ တွဲဆိုမယ့်သူတွေ အများကြီးနဲ့ အရင်ထွက်ဖြစ်မှာပါ။
မေး။ ။ အတွဲခွေထွက်ရင်ရော ဘယ်သူတွေနဲ့ တွဲဆိုဖြစ်မလဲ။
ဖြေ။ ။ အတွဲခွေမှာတော့ အများကြီးပဲ။ အခွေတခွေတည်းကိုပဲ Disk A, Disk B နဲ့ ဖြစ်သွားမယ်။ သီချင်းအပုဒ်ရေက တော်တော်များသွားမှာဆိုတော့။ ဥပမာ ကို X –box တို့၊ ကို Lit’Z တို့၊ ကိုထက်ယံ၊ ကို J Fire တို့ အများကြီးပါပဲ။
မေး။ ။ ရည်မှန်းချက်ကရော ဘာဖြစ်မလဲ။
ဖြေ။ ။ ရည်မှန်းချက်ကတော့ ဒီ အဆိုတော်အလုပ်ကို လုပ်နိုင်တဲ့အထိ လုပ်သွားဦးမယ်၊ နောက်ထပ် အများကြီးလည်း လုပ်ဖို့ရှိသေးတယ်။ နောက်ပြီး ဆရာဝန်လည်း ဖြစ်ချင်သေးတယ်။ ဆရာဝန်ကျတော့ စီးပွားရေးနဲ့ ပတ်သက်ပြီး လုပ်မှာမဟုတ်ဘဲနဲ့ အိမ်မှာ ကိုယ့်အမျိုးတွေ တခုခုဖြစ်ရင် ကိုယ်တတ်ထားတဲ့ ပညာလေးနဲ့ ပြန်ကုပေးချင်တဲ့စိတ်နဲ့ ဆရာဝန်လည်း လုပ်ချင်ပါတယ်။
မေး။ ။ ကိုယ့်လိုပဲ တခြား နေရာအသီးသီး၊ နယ်ပယ်အသီးသီးမှာ ကြိုးစားနေကြတဲ့ ကိုယ့်ထက် အကြီး၊ အငယ်၊ ရွယ်တူလူငယ်တွေအတွက်လည်း စကားလက်ဆောင်လေး ပြောပေးပါဦး။
ဖြေ။ ။ သမီးထက် ငယ်တဲ့ထဲမှာ သမီးထက် တော်တဲ့သူတွေ ရှိမယ်၊ ကြီးတဲ့သူတွေထဲမှာလည်း သမီးထက် တော်တဲ့သူတွေ ရှိမယ်။ ဒါပေမယ့် သူတို့မှာ အခက်အခဲတွေက မျိုးစုံတော့ ရှိကြမှာပဲ၊ တခုကောင်းရင် တခုမကောင်းတာမျိုးပေါ့။ ဒါပေမယ့် အဲဒီ မကောင်းတာကို စိတ်ထဲမထားဘဲနဲ့ ကိုယ်ကြိုးစားချင်စိတ် ရှိလို့ရှိရင်၊ မဖြစ်ဖြစ်အောင် ကြိုးစားရင် ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်က အလိုလိုရောက်လာပါတယ်။
The post အသက် ၁၃ နှစ်အရွယ် ရက်ပ်ပါမလေးနဲ့ စကားစမြည် appeared first on ဧရာဝတီ.