Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မြန်မာနိုင်ငံမှာ အသည်းကွဲတဲ့ ပရိသတ်ပိုများတယ်

$
0
0

လတ်တလော လူငယ်ပရိသတ်တွေကြား အွန်လိုင်း အသည်းကွဲပရိသတ်တွေကြားမှာ လူငယ် တေးရေးဆရာတဦးရဲ့ အသည်းကွဲ တေးသီချင်းတချို့ ပေါက်နေတာ တွေ့ရပါတယ်။ ကိုယ်ပိုင်သံစဉ် အသည်းကွဲသီချင်းတွေနဲ့ အောင်မြင်နေတဲ့ အဆိုပါ လူငယ်တေးရေးဆရာကတော့ တေးရေး – ဝေကြီး ဆိုသူပါ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အက်ဖ်ဖမ် ရေဒီယိုလိုင်းတွေမှာလည်း သူဖန်တီးရေးသားထားတဲ့ တေးသီချင်းတွေဟာ အများဆုံး တောင်းဆိုခံနေရတာလည်းဖြစ်ပါတယ်။ တေးရေး-ဝေကြီးရဲ့ လက်ရှိ အနုပညာဘဝ၊ သူ ဖန်တီးဖြစ်ခဲ့တဲ့ အသည်းကွဲ သီချင်းတွေအကြောင်းနဲ့ သူပြောပြတဲ့ သူ့ရဲ့ အနုပညာတွေအကြောင်းကို ဧရာဝတီမှ ကော်ပီအယ်ဒီတာ သဲသဲက တွေ့ဆုံးမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။ ဘယ်ကာလကစပြီး ဒီသီချင်းတွေကို စပြီးရေးဖြစ်ခဲ့သလဲ၊ ဒီလောကထဲကို ဘယ်ကာလထဲကစပြီး ဝင်ဖြစ်လာတာလဲ။

ဖြေ။ ။ စပြီးတော့ အနုပညာလောကထဲဝင်လာတာကတော့ လွန်ခဲ့တဲ့ ၄၊ ၅ နှစ်လောက်ကပေါ့၊ unplugged တီးတယ်၊ နောက် သူငယ်ချင်းတွေနဲ့စုပြီးတော့ band လေးဖွဲ့တယ်။ ပထမဦးဆုံးတီးတာကတော့ ကန်တော်ကြီးက public area မှာ The flame ဆိုတဲ့အဖွဲ့လေးနဲ့ တီးဖြစ်တယ်။ ပြီးတော့ ငွေဆောင်မှာ Foreigner Bar ဆိုတဲ့ Lotus Bar မှာ တီးဖြစ်တယ်။ သီချင်းစရေးတာကတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှစပြီးတော့ ငွေဆောင်မှာ unplugged တီးရင်းနဲ့ အားတဲ့အချိန်မှာ သီချင်းစရေးဖြစ်တယ်၊ ပြီးတဲ့အခါမှာ ရန်ကုန်ပြန်ရောက်လာတယ် ရန်ကုန်ပြန်ရောက်လာတော့မှ ကိုဖြိုးပြည့်စုံနဲ့တွေ့ပြီး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကပဲစပြီး သီချင်းစရေးတယ်ပေါ့။

မေး။ ။ အခုလက်ရှိ ပရိသတ်အကြားပေါက်နေတဲ့ သီချင်းတွေက ကိုဝေကြီးရေးဖြစ်နေတဲ့ သီချင်းတွေက ကိုယ်ပိုင်သံစဉ်လို့ ပြောလို့ ရသလား။

ဖြေ။ ။ ကိုယ်ပိုင်သံစဉ်လေးတွေပါ။

မေး။ ။ နာမည်မရှိသေးတဲ့ အနုပညာသမားတချို့ အစ်ကို့ရဲ့သီချင်းနဲ့ လူသိသွားတဲ့ အောင်မြင်သွားတဲ့ အနေအထားမှာ နာမည်ရှိပြီးသား အနုပညာရှင်ကို ရေးပေးရတာထက် နာမည်မရှိသေးတဲ့ အနုပညာသမားတယောက်ကို ရေးပေးရတဲ့အခါမှာ ဘယ်လိုကွာခြားမှုရှိတယ်လို့ ယူဆမိသလဲ။

ဖြေ။ ။ ကျနော်ကတော့ အဲဒီလိုမျိုးခွဲခြားတာမျိုးတော့ မရှိဘူး။ ကျနော့်သီချင်းလေးတွေ အပုဒ်တိုင်းကတော့ အကောင်းဆုံး ကြိုးစားတယ်။ အဲဒီအချိန်မှာ အသစ်ဆိုရင်လည်း အသစ်လာကြည့်တယ်၊ သူတို့အသံနဲ့ လိုက်တယ် အဆင်ပြေတယ်ဆိုရင် ပေးလိုက်တာပဲလေ၊ စီနီယာတွေထဲက တကယ့်အဆိုတော်ကြီးတွေဆိုရင်လဲ သူတို့အသံနဲ့လိုက်ဖက်တဲ့သီချင်းဆိုရင်လည်း အဆင်ပြေတာပဲ။ အသစ်၊ အဟောင်းဆိုပြီးတော့ ခွဲခြားထားတာတော့မရှိဘူးပေါ့နော်။ သူ့သီချင်း သူ့အသံနဲ့ ကျနော့် သီချင်းလေးနဲ့ အဆိုတော် အသစ်ပဲဖြစ်ဖြစ် အဟောင်းပဲဖြစ်ဖြစ် သူတို့အသံနဲ့လိုက်ဖက်သွားတဲ့အချိန်မှာ အဆင်ပြေဖို့ အဓိကပဲ။

မေး။ ။ ကိုယ်ပိုင်သံစဉ် သီချင်းတွေတပုဒ် ဖန်တီးရတဲ့အခါမှာ သံစဉ်ရှာတာပဲဖြစ်ဖြစ် သီချင်း တပုဒ်ဖြစ်လာဖို့အတွက်ကို အစ်ကို့ဘက်က အဓိကအားစိုက်ထုတ်ဖြစ်တဲ့ ဖန်တီးမှုပိုင်းက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ ကျနော် လွန်ခဲ့တဲ့ ၄၊ ၅၊ ၆ နှစ်က unplugged တီးခဲ့တဲ့အတွေ့အကြုံနဲ့ ကျနော်က စန္ဒယားလည်း တီးတယ် တခါတလေ ဂစ်တာလဲတီးတယ်ပေါ့။ အဲဒီလိုကြုံရင် ကြုံသလို ဖြည့်ဆည်းပေးတယ်ပေါ့၊ Drum တီးဆိုလည်းတီးတယ်။ လေ့လာတယ်ပေါ့ အဲဒါတွေရဲ့ အတွေ့အကြုံက သီချင်း ပြန်ဖန်တီးတဲ့အချိန်မှာ ပြန်ပြီးတော့ အသုံးတည့်သွားတာပေါ့၊ နောက်ပြီးတော့ ကိုယ်တိုင်လည်း အချိန်ရသလောက်လေ့လာတယ်။ စဉ်းစားရတယ်ပေါ့၊ ဒီအလုပ်ကို Professional လုပ်ဖြစ်သွားတဲ့အခါမှာ ဒါနဲ့ပဲအသက်မွေးမယ်ဆိုတော့ ဒါကိုပဲ အမြဲတမ်း စဉ်းစားနေတယ်ဆိုတော့ ဒါနဲ့ပတ်သက်တာဆို အကုန်လုံးလေ့လာတယ်။

မေး။ ။ အရင်က သီချင်းတပုဒ် ပရိသတ်ကြားထဲရောက်ဖို့ အရမ်းကြိုးစားအားစိုက်ထုတ်ရတယ်။ အခုဆို အနုပညာသက်တမ်းတိုအတွင်း အစ်ကိုရဲ့ သီချင်းတွေကို ပရိသတ်တော်တော်သိလာ၊ လက်ခံလာတယ်။ အခုနောက်ပိုင်း ပရိသတ်ကြားထဲ ပျံ့နှံ့မှု ပိုမြန်လာတဲ့အပေါ် ဘယ်လိုသုံးသပ်ချင်လဲ။ အရင်ကာလနဲ့ အခုကာလနဲ့ပေါ့။

ဖြေ။ ။ ပထမ အတွေ့အကြုံတွေတုန်းကတော့ မသိခဲ့ရဘူးပေါ့။ အရင်တုန်းက ကျနော်တို့ ကြိုက်ခဲ့တဲ့ တေးရေးဆရာတွေတုန်းက အခက်အခဲတွေကတော့ အများကြီးရှိခဲ့မှာပေါ့။ ကျနော်ကျတော့ စပြီးတော့ ဒီလောကထဲကို ဝင်လာတာက ဖေ့စ်ဘွတ်နဲ့စပြီးတော့ ဝင်လာတာ။ အရင်က ကျနော် ဖေ့စ်ဘွတ်တောင် အရမ်းမသုံးဘူး။ တလနေလို့တောင် တခါ မဖွင့်ကြည့်မိဘူး။ ကိုဖြိုးပြည့်စုံနဲ့ စပြီးတော့တွေ့တဲ့အချိန်မှာ အသည်းကွဲဧည့်သည်ဆိုတဲ့ သီချင်းပေါ့၊ ကိုဖြိုးပြည့်စုံနဲ့ VeVe တွေ့ဆုံပွဲလေးတခုမှာဆိုပြတဲ့ အဲဒီ ဗီဒီယိုဖိုင်လေးက အွန်လိုင်းပေါ်တက်သွားပြီးတော့ အွန်လိုင်းကပဲ စပြီးသိတယ်ပေါ့။ နောက်ပိုင်းတွေ အဲဒီလိုသိလာတဲ့အချိန်မှာ ကျနော် ဖေ့ဘုတ်ကို ပြန်သုံးဖြစ်တယ်၊ တချို့သီချင်းတွေကျတော့ အဆိုတော်တွေ လက်ထဲမထည့်မီမှာ ကိုယ့်ဘာသာကိုယ်ရေး ထားပြီးတော့ ဆိုပြတယ်၊ ဖေ့ဘွတ်ကနေပဲ လူသိများလာတယ်ပေါ့၊ သီချင်းဆိုရင်လည်း Media -7 ကနေ ကျနော့်သီချင်းလေးတွေ အမြန်ဆုံး Video ရိုက်နိုင်တယ်။ အဲဒီအတွက်ကြောင့် ပရိသတ်လက်ထဲကို အမြန်ဆုံးရောက်နိုင်တယ်ပေ့ါ၊ Feedback က အမြန်ဆုံးပြန်ကြားရတယ်ပေါ့။ အလုပ်က ချက်ချင်းဖြစ်တယ်ပေါ့၊ ဖေ့စ်ဘွတ်က ကျနော့်အတွက် အများကြီးအထောက်အကူပေးတယ်။ ဒီဘက်ခေတ်မှာပေါ့ Social Media ကအရမ်းကို အထောက်အကူ ပေးတယ်၊

မေး။ ။ Social Media အပေါ်ကိုရော ဘယ်လိုမျိုးသုံးသပ်ချင်သလဲ။

ဖြေ။ ။ သူက ကောင်းတဲ့အရာလည်းရှိတယ်၊ ကျနော့်အတွက်ကတော့ ကောင်းတဲ့အရာတွေများပါတယ်။ ကောင်းတဲ့အရာတွေ ရှိတယ်၊ ဆိုးတဲ့အရာတွေလည်းရှိမှာပေါ့ သူက ချီးမွန်းရင်လည်းမြန်တယ်၊ ကဲ့ရဲ့ရင်လည်းမြန်တယ်၊ အတက်လဲမြန်တယ်၊ အကျလဲ အရမ်းမြန်တယ်ပေါ့။ ကျနော့် wall ထဲမှာဆိုရင် စိတ်ညစ်စရာဆိုရင် မရေးသလောက်ပဲ။ ကိုယ့်အနုပညာလှုပ်ရှားမှုကိုပဲ အမြဲတမ်းတင်တယ်။ အသုံးတည့်တဲ့ အပေါ်မှာ အသုံးချမှုလည်းလိုတာပေါ့၊ မလိုလားအပ်တာတွေသုံးနေမယ့်အတူ၊ သုံးတတ်မယ်ဆိုရင် Social Media က အရမ်းကိုအသုံးတည့်ပါတယ်။

မေး။ ။ အစ်ကို့သီချင်းတွေ တော်တော်များများကြည့်လိုက်ရင် အသည်းကွဲသီချင်းတွေပဲများနေတယ်၊ အဲဒါဘာကြောင့်ပါလဲ။

ဖြေ။ ။ သီချင်းစီးသွားတယ်လို့ပဲပြောရမလားမသိဘူး။ အသည်းကွဲဧည်သည့်သီချင်းနဲ့ ဘဝက စတယ်ဆိုတော့ နောက်ပိုင်းအသည်းတွေပဲ တောက်လျှောက်ကွဲနေတာ၊ ကျနော်ရေးတာကလဲ အဲဒီဘက်ပိုင်း သွားအားသန်တယ်ထင်တယ်။ ကျနော် သီချင်းရေးတတ်မှန်းလည်း မသိဘူး၊ စပြီးငွေဆောင်မှာ အိမ်လေးတအိမ်ငှားထားတယ်၊ ကျနော်က ရန်ကုန်ကဆိုတော့ ငွေဆောင်မှာ တပတ်လုံးသွားတီးရတာ။ Bar မှာ တညလုံး တီးရတာ၊ နေ့ဘက်ဆိုရင် အိမ်ထဲမှာ ကျနော့်မိသားစုက စားသောက်ဆိုင်ဖွင့်ထားတာဆိုတော့၊ ကျနော့်တယောက်တည်း အိမ်မှာ ကျန်ခဲ့တယ်။ ကျန်ခဲ့လို့ရှိရင် ကိုယ့်ဘာသာသီချင်းလေးညည်းရင်းနဲ့ ရေးဖြစ်သွားတာ၊ စပြီးတော့ ရေးဖြစ်တဲ့ သီချင်းလေးတွေက အဲဒီလိုအေးအေးလေးတွေပဲ ထွက်လာတာ။ ရန်ကုန်ရောက်တော့ ရေးဖြစ်တာကလည်း အသည်းကွဲဧည့်သည် ဆိုတော့ ကျနော့်စိတ်ထဲမှာရှိနေတာ အကုန်လုံးက အသည်းကွဲတဲ့ဘက်ကို သွားနေတာပေါ့။

မေး။ ။ ပရိသတ်ကလည်း အဲဒီ အသည်းကွဲသီချင်းတွေကိုပဲ လက်ခံနေတော့ သူတို့ရင်ဘတ်နဲ့ ပိုပြီးတော့ နီးစပ်နေတယ်လို့ ပြောလို့ရလား။

ဖြေ။ ။ ဟုတ်.. မြန်မာနိုင်ငံမှာက အသည်းကွဲတဲ့ ပရိသတ်တွေ ရာခိုင်နှုန်းပိုများတယ်။ ကျနော့် သီချင်းတပုဒ်ရေးတယ်။ တခုခု တိုက်ဆိုင်တယ်ဆိုရင်လည်း ဒါ င့ါအတွက်ရေးတာပဲဆိုပြီး ဆွဲထည့်လိုက်တာပဲ။ ကျေးဇူးတင်ပါတယ်။ အဲဒီလိုမျိုး တိုက်ဆိုင်လို့ အသည်းကွဲတယ်ဆိုတာလည်း အဖက်ဖက်က တိုက်ဆိုင်မှာပဲနော့။ တယောက်တည်းပဲ ခံစားလည်း အသည်းကွဲတဲ့သူကတွေးပြီလေ။ သူ ငါ့အပေါ် ဘယ်လောက်ရက်စက်တာ။ ငါသူ့ကိုဘယ်လောက်လုပ်ပေးခဲ့တာ ဘာညာ အဲဒီလိုတွေးပြီ။ ကျနော်လည်း အဲဒီလိုတွေးပြီး ရေးထားတာပါလို့..။

မေး။ ။ ဆက်ပြီးတော့ အသည်းကွဲနေဦးမှာလား၊ ဘယ်လိုသီချင်းမျိုးတွေ ဆက်ပြီးတော့ ဖန်တီးဖြစ်ဦးမလဲ။

ဖြေ။ ။ လူအများနဲ့ အလုပ်လုပ်နေရတာဆိုတော့ တခါတလေကျရင် ဘဝအကြောင်းလေးတွေလည်း ရေးချင်တယ်။ မနေ့ကဆိုရင် ဘာရေးချင်လဲဆိုတော့ အတွေးလေးတွေ တခါတလေပေါ်လာတာပေါ့။ Taxi ဆိုပြီးတော့၊ အမှန်အတိုင်းပြောရရင် ကျနော့်လည်း အရင်တုန်းက Taxi မောင်းလာရတယ်၊ မိသားစု အနေအထားအရ Taxi မောင်းတယ်ဆိုတာကလည်း ညဘက် ကန်တော်ကြီးထဲမှာ unplugged တီးတယ်၊ မနက်ပိုင်းကို ကျနော်ကားမောင်းတယ်၊ ဘာလို့လဲဆို ကိုယ်လုပ်ချင်တဲ့ အလုပ်ကို တစိုက်မတ်မတ် လုပ်ဖို့က အဲဒီမှာ ဝင်ငွေနည်းတယ်ပေါ့၊ မိသားစုအတွက်မလုံလောက်ဘူး။ အဲဒီတော့ တဖက်ကလည်း အလုပ်လုပ် ချင်တယ်။ တဖက်ကလည်း စားဝတ်နေရေးအတွက် ဖြေရှင်းရတယ်။ အဲဒီအချိန်မှာ ဖြစ်နိုင်ချေ ဘာဖြစ်မလဲဆိုတော့ Taxi မောင်းတယ်၊ အဲဒါလေးပြန်တွေးမိတာပေါ့။ Taxi သမားတယောက်ရဲ့ဘဝမှာ မိသားစုတွေနဲ့ သွားချင်လာချင်မယ်ပေါ့၊ အလုပ်လုပ်နေရတယ်၊ တချို့မိသားစုတွေက သူ့ကားကိုငှားစီးမယ်ပေါ့။ အဲဒီအချိန်မှာ သူ့အတွေးလေးမှာ ဝင်လာမယ့် အတွေးလေးတွေပေါ့။ Taxi သမားတယောက် ရဲ့အတွေးလေးတွေပေါ့။ အဲဒီလိုမျိုးလေးတွေ ရေးချင်တဲ့စိတ်ဖြစ်မိတယ်၊ အချစ်သီချင်းလေးတွေမဟုတ်ဘဲနဲ့ ဘဝသမားအကြောင်းသီချင်းလေးတွေပေါ့။

မေး။ ။အစ်ကို မအောင်မြင်ခင်မှာ ဒီလိုအနေအထားမျိုးနဲ့ ရုန်းကန်ခဲ့ရတယ်၊ လက်ရှိအနေအထားမှာ တဖြည်းဖြည်းနဲ့ လူသိလာပြီ၊ အောင်မြင်လာပြီပေါ့၊ အဲဒီလိုမျိုး မအောင်မြင်ဘဲနဲ့ ဘဝကိုဖြတ်သန်းနေရတဲ့ ရွက်ပုန်းသီး အနုပညာရှင်တွေ အရည်အချင်း တကယ်ရှိရဲ့သားနဲ့ တကယ့်ရှိသင့်တဲ့နေရာမျိုးမှာ မရောက်လာနိုင်တဲ့ အနုပညာသမားတွေအပေါ်ကိုရော ဘယ်လိုသုံးသပ်ချင်သလဲ၊ သူတို့ကို ဘယ်လိုအကြံဉာဏ်မျိုးပေးချင်သလဲ။

ဖြေ။ ။ဒီ အလုပ်ကိုရူးသွပ်တယ်ဆိုရင် ရူးသွပ်တဲ့လူကသိသာတယ်။ ဘာကြီးပဲဖြစ်နေပါစေ။ လုပ်မှာလေ ဒီ အလုပ်ကို တချို့ကကျတော့ ရွက်ပုန်းသီးတွေရှိတယ်၊ ရွက်ပုန်းသီးဆိုပေမယ့် ခဏလေး ရွက်ပုန်းသီး လုပ်လို့မရဘူး၊ တကယ်ကို ကြိုးစားမှရမယ်၊ တကယ်ကိုရူးသွပ်မှရမယ်၊ အလုပ်က တဖက်ရှိနေတယ်ဆိုရင် ဒါပေမယ့် ဒါကိုလည်း လက်လွတ်လို့မရဘူး။ အဲဒီလိုမျိုးကြိုးစားတဲ့သူတွေအတွက် တနေရာက ရှိကိုရှိနေတယ်၊ အဲဒါကိုတော့ ကျနော်ရဲရဲကြီးအာမခံတယ်ပေါ့၊ ရွက်ပုန်းသီးမှန်တယ်။ တကယ်လည်း Talent ရှိတယ်။ အချိန်တိုင်းကြိုးစားချင်တဲ့စိတ်ရှိရင် အဲဒီလူအတွက် အနုပညာလောကက ဘယ်နေရာမှာပဲ ဖြစ်ဖြစ် သူ့အတွက်က နေရာတနေရာရှိတယ်ဆိုတာကိုကျနော်ပြောချင်ပါတယ်။

မေး။ ။ ကိုယ်ပိုင်သံစဉ်ဖန်တီးနေတဲ့ လူတယောက်အနေနဲ့ copy ဆိုတဲ့အနုပညာကို ဘယ်လိုသုံးသပ်ချင်သလဲ။

ဖြေ။ ။ အကုန်လုံးကတော့အနုပညာဖန်တီးနေကြတာဆိုတော့ copy ရေးရတာလည်းမလွယ်ဘူး။ ကျနော်ကိုယ်ပိုင်သံစဉ်တွေပဲ တောက်လျှောက်ရေးလာတယ်၊ ဟိုတလောကမှ copy တပုဒ်ပေါ့ ကိုဖြိုးပြည့်စုံအတွက် သူကလည်း အဲဒီသီချင်းလေးကောင်းတယ် ပေါ့၊ ဒါပေမယ့် အကုန်လုံး လုံးစုံ copy တော့မဟုတ်ဘူးပေါ့၊ တီးလုံးတွေကအစပြောင်းထားတယ်၊ Reference ယူတဲ့ပုံမျိုးပေါ့။ အဲဒါကို ကျနော်နားထောင်တယ်၊ တညလုံးနားထောင်တယ်။ ကျနော်အဲဒါကိုယူပြီးရေးတဲ့အချိန်မှာ အဲဒီလောက် ကောင်းမှာမဟုတ်ဘူးဆိုတာကို အလိုလိုသိလာတယ်။ အဲဒါလည်း copy ပဲဖြစ်နေမယ်ဆိုတာ ကျနော့်စိတ်ထဲမှာ သိနေတယ်။ ဒါကြီးကို နားထောင်ပြီးထွက်လာတဲ့သီချင်းက ဒီလောက်ကောင်းမှာမဟုတ်ဘူးဆိုတာ သိနေတယ်၊ သိသိကြီးနဲ့ ဒါကြီးနဲ့ ကျနော် copy ရေးခဲ့တယ်၊ စိတ်ကူးနဲ့ copy လုပ်ရတာ မလွယ်ဘူး၊ အဲဒါကြီးကို ဒဲ့ copy ရေးတာက ကျနော် Own Tune ရေးရတာထက်ကြာတယ်။ ကိုယ်ပိုင်သံစဉ်ရေးဖို့က စဉ်းစားတာထက် ဘောင်ကြီးနဲ့ ဖြစ်နေပြီလေ။ ဒီအထဲမှာ စာသားကို ရအောင် ထည့်ရတယ်။ ကော်ပီကတော့ မရေးဖြစ်ပါဘူး။ own tune တွေပဲ။

မေး။ ။ သီချင်းတပုဒ်ပေါက်ပြီဆိုရင် အရင်ဆုံး သိတာက အဲဒီသီချင်းကို ဆိုတဲ့ အဆိုတော်ပဲ။ ဒီသီချင်းကို ဘယ်သူဖန်တီးထားလဲဆိုတာကို ဆက်ပြီး သိအောင်လုပ်ဖို့ဆိုတာမှာ တချို့ အနုပညာကို နက်နက်နဲနဲ လေးစားအားကျသူလောက်ပဲ သိအောင် ကြိုးစားတယ်လို့ မြင်မိတယ်။ ဒီလို နောက်ကွယ်ကနေ ဖန်တီးပေးလိုက်ရတဲ့ ဖန်တီးရှင် တေးရေးဆရာတယောက်ရဲ့ ခံစားချက်က ဘယ်လိုရှိမလဲ။

ဖြေ။ ။ ဥပမာ – ဇာတ်သဘင်လောကပဲ ကြည့်လိုက်လေ။ ဆိုင်းဆရာက သူ့ရဲ့အဝန်းအဝိုင်းထဲမှာပဲ နေရတယ်။ ဆိုင်းဆရာက သွားပြီး ရှေ့မှာကပြနေတဲ့ လူနေရာမှာ နေလို့မရဘူးလေ။ အဓိပ္ပာယ်လည်း မရှိဘူး။ သူကချင်တယ်ဆိုရင် ကတဲ့အလုပ်လုပ်လေ။ သူဆိုင်းဆရာလုပ်ချင်တယ်ဆိုရင်လည်း ဆိုင်းဆရာနယ်ပယ်ထဲမှာပဲ နေရမယ်။ သူ့နေရာနဲ့သူ ရှိတော့မှ Team work တခုဖြစ်လာတာပေါ့။ ဒါကြောင့် အဆိုတော်တော့ နာမည်သိတယ်။ ငါ့နာမည်ကိုကျတော့ မသိဘူးဆိုပြီး သွားယှဉ်လို့တော့ ဘယ်ရမလဲ။ အဆိုတော်က အဆိုတော် သူ့ကဏ္ဍ၊ သူက အရှေ့ထွက်ရမယ့်သူလေ။ ကျနော်တို့ တေးရေးလုပ်ပြီး ထွက်ဆိုနေရတာမှ မဟုတ်တာ။ သူတို့က တကယ်ထွက်ဆိုနေတဲ့သူဆိုတော့ သူတို့ပဲ သိမှာပေါ့။ ကျနော်တို့ကို ဘယ်သိမလဲ။ ကိုယ့်အယူအဆနဲ့ကိုယ် ကိုယ်က စပြီး ဒီသီချင်းလေးက ဖြစ်တည်လာတဲ့အတွက်ကြောင့်မို့ အဲဒီ ပီတိကတော့ ဘာနဲ့မှ မလဲနိုင်ပါဘူး။ ဒါကတော့ တေးရေးဆရာတယောက်ရဲ့ခံစားချက်ပေ့ါ။

မေး။ ။ ရှေ့လျှောက် ဘာတွေဆက်လုပ်ဖြစ်သွားဦးမလဲ။

ဖြေ။ ။ အခုတော့ ရေးဖြစ်နေတယ်။ ဆိုဖို့ ကမ်းလှမ်းတာလေးတွေလည်း ရှိတယ်။ ဘုရားကတော့ အကောင်းဆုံး တခုပဲပေးမှာပေါ့။ ကျနော့်ကို ဆိုဖို့ ကမ်းလှမ်းထားတာလေးတွေလည်း ရှိတယ်။ ကျနော်လည်း ကိုယ့်အသံကိုယ် ပြန်သုံးသပ်နေတာ။ အခုထက်ထိ အားမရသေးဘူး။ ဆိုဖို့ အဆင်ပြေမယ့်တနေ့၊ ပရိသတ်ကို အကောင်းဆုံး ပေးနိုင်မယ့် တနေ့ကျရင်တော့ ကျနော် သီချင်းဆိုဖြစ်ရင် ဆိုဖြစ်ပါမယ်။ အဆိုတော်ကြီး လုပ်မယ်လို့တော့ မဟုတ်ဘူး။ ပရိသတ်ကို ရေးတာနဲ့ ချပြနိုင်တယ်။ အဲဒီလိုမျိုးပဲ ဆိုတာလေးနဲ့ တပုဒ် နှစ်ပုဒ်လောက်ဖြစ်ဖြစ် ချပြနိုင်တဲ့ တနေ့ဆိုရင် သီချင်း တပုဒ်လောက် ဆိုချင်ပါတယ်လို့..။ ရေးတာတွေမှာလည်း ဒီ့ထက်ကောင်းမယ့် သီချင်းလေးတွေနဲ့ ပရိသတ်ကို ချပြချင်ပါသေးတယ်လို့ ..။

The post မြန်မာနိုင်ငံမှာ အသည်းကွဲတဲ့ ပရိသတ်ပိုများတယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...