ဗြိတိန်တော်ဝင်မင်းသား Harry နဲ့ အမေရိကန် ရုပ်ရှင်မင်းသမီး Meghan Markle တို့ရဲ့ ဖြစ်ရပ်မှန်တော်ဝင် အချစ်ဇာတ်လမ်းကို ရုပ်ရှင်အဖြစ် ပြန်လည် ရိုက်ကူးသွားမယ်လို့ သိရပါတယ်။
“Harry & Meghan: The Royal Love Story” လို့ အမည်ပေးထားတဲ့ အဆိုပါ ရုပ်ရှင်မှာ တော်ဝင်မင်းသား Harry အဖြစ် မင်းသား Murray Fraser နဲ့ ရုပ်ရှင်မင်းသမီး Meghan Markle အဖြစ် မင်းသမီး Parisa Fitz-Henley တို့က အဓိကပါဝင် သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
မကြာမီ ရွှေလက်တွဲ မင်္ဂလာပွဲ ကျင်းပတော့မယ့် တော်ဝင်မင်းသားနဲ့ ရုပ်ရှင်မင်းသမီးတို့ကြားက စံတင်လောက်ဖွယ် အချစ်ဇာတ်လမ်းကို ပုံဖော်ရိုက်ကူးကြမှာလည်း ဖြစ်ပါတယ်။
မင်းသား Fraser ကတော့ ၂၀၁၇ ခုနှစ်မှာ မီနီစီးရီးတွေ ဖြစ်တဲ့ “The Loch” နဲ့ “Victoria” ဇာတ်ကားတို့မှာ ပါဝင် သရုပ်ဆောင်ထားသူ ဖြစ်ပြီး မင်းသမီး Fitz-Henley ကတော့ “Marvel’s Jessica Jones” နဲ့ “Luke Cage” ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း နာမည်ရရှိလာသူ ဖြစ်ပါတယ်။ Fitz-Henley ဟာ NBC ရုပ်သံလိုင်း ကနေ ထုတ်လွှင့်ခဲ့တဲ့ သဘာဝလွန် Drama စီးရီး “Midnight, Texas” ဇာတ်ကားတွေမှာလည်း ပါဝင်ထားတယ်လို့ သိရပါတယ်။

Deadline ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ “Harry & Meghan” ရုပ်ရှင်ဟာ ပြည်သူချစ် တော်ဝင်မင်းသားနဲ့ သူ့ရဲ့ ဇနီးလောင်းတို့ကြားက ပိုးပန်းခဲ့ပုံနဲ့ အချစ်ဇာတ်လမ်းကို ပုံဖော်မယ်လို့ သိရပါတယ်။
မင်းသား Harry နဲ့ Meghan Markle တို့ သူငယ်ချင်းဖြစ်ခဲ့တဲ့ အကြောင်းကနေ ချစ်သူနှစ်ဦးအဖြစ် စတင် ရောက်ရှိခဲ့ပုံ၊ သူတို့နှစ်ဦးရဲ့ အချစ်ရေးကို ဘေးနားမှာရှိတဲ့ မီဒီယာတွေရဲ့ အာရုံစိုက်မှု ရရှိခဲ့ပုံနဲ့ တခုလပ် အမေရိကန်မင်းသမီးအဖြစ် ရှင်သန်ခဲ့ရတဲ့ Meghan ရဲ့ ဘဝဇာတ်ကြောင်းကို မီးမောင်းထိုး ပြသမှာလည်း ဖြစ်ပါတယ်။
“Harry & Meghan” ရုပ်ရှင်က မင်းသား William နဲ့ Kate Middleton တို့ရဲ့ ၂၀၁၁ ခုနှစ်၊ မင်္ဂလာပွဲ မတိုင်ခင် ထုတ်လွှင့်ခဲ့တဲ့ “William & Kate” ရုပ်ရှင်နောက်ပိုင်း ရိုက်ကူးတဲ့ တော်ဝင်အချစ်ဇာတ်လမ်း ရုပ်ရှင်ကား တကားလည်း ဖြစ်ပါတယ်။
ရုပ်သံကနေ ပြသမယ့် အဆိုပါရုပ်ရှင်အတွက် ပြသမယ့်ရက်ကိုတော့ အတိအကျ ထုတ်ပြန်ထားခြင်း မရှိပေမယ့် ဒီနှစ် နွေဦးကာလမှာ ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
“William & Kate” ရုပ်ရှင်ပြသတဲ့ ပုံစံအတိုင်း Lifetime ကေဘယ်လ် ရုပ်သံက ပြသမယ်ဆိုရင်တော့ “Harry & Meghan” ရုပ်ရှင်ကို လာမယ့် မေလအစောပိုင်းမှာ ပြသနိုင်ချေ ရှိပါတယ်။ မင်းသား Harry နဲ့ Meghan တို့ဟာ လာမယ့် မေလ ၁၉ ရက်နေ့၊ ဝင်ဆာရဲတိုက်မှာရှိတဲ့ စိန့်ဂျော့ချ် ဘုရားကျောင်းမှာ လက်ထပ်သွားမယ်လို့ သိရပါတယ်။
Ref ; aceshowbiz.com
The post တော်ဝင်မင်းသား Harry နဲ့ ရုပ်ရှင်မင်းသမီး Meghan Markle တို့ရဲ့ ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်း ရုပ်ရှင်အဖြစ် ရိုက်ကူးမည် appeared first on ဧရာဝတီ.