ပြင်သစ်နိုင်ငံ အခြေစိုက်၊ နိုင်ငံပေါင်း ၄ နိုင်ငံမှာ အောင်မြင်လျက်ရှိတဲ့ Canal+ Group နဲ့ မြန်မာနိုင်ငံက Forever Group ကုမ္ပဏီတို့ ပူးပေါင်းပြီး Canal+ အခပေး ရုပ်သံလိုင်းကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့၊ Chatrium ဟိုတယ်မှာ တရားဝင် စတင် မိတ်ဆက်လိုက်ပါတယ်။
“ကျနော်တို့ ဘာလို့ Canal+ နဲ့ အလုပ်တွဲလုပ်ရတာလဲ ဆိုတော့ Canal+က ဥရောပမှာ ပထမဆုံး Pay TV လုပ်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ နောင်ရေရှည်မှာ ကျနော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားများအနေနဲ့ အကောင်းဆုံး အခပေး ရုပ်သံလိုင်းတွေကို ပိုပြီးတော့ ကောင်းမွန်တဲ့ အရည်အသွေးတွေနဲ့ တင်ဆက်ချင်တဲ့ အတွက် အခုလို နိုင်ငံတကာက ထောက်ခံချက်ရတဲ့ ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်”လို့ Forever Group ကုမ္ပဏီရဲ့ ဥက္ကဌ ဦးဝင်းမော်က ပြောပါတယ်။

အဆိုပါ Canal+ အခပေး ရုပ်သံလိုင်းမှာ မြန်မာပရိသတ်များအတွက် အထူးသီးသန့် ဖန်တီးထားတဲ့ ရုပ်သံလိုင်း ၈ လိုင်း ၊ Canal+ ရုပ်သံ တခုတည်းမှာသာ ကြည့်ရှုနိုင်မယ့် သီးသန့် ရုပ်သံလိုင်း ၂၅လိုင်း၊ ဒါ့အပြင် မြန်မာပြည်မှာ ပထမဆုံးထုတ်လွှင့်ပေမယ့် ရုပ်သံလိုင်း ၄၅ လိုင်းတို့ကို ထုတ်လွှင့်ပြသသွားမယ်လို့ သိရပါတယ်။
မြန်မာပရိသတ်များအတွက် အထူးသီးသန့် ဖန်တီးထားတဲ့ ရုပ်သံလိုင်း ၈ လိုင်းကတော့ Canal+ ZAT LENN, Canal+ MAE MADI, Canal+ ACTION, Canal+ SU SANN, Canal+ GITA, Canal+ HAHA, Canal+PU TU TUE နဲ့ Canal+ CHA TATE စတဲ့ ရုပ်သံလိုင်းများပဲ ဖြစ်ပါတယ်။
Canal+ အခပေး ရုပ်သံလိုင်းမှာ ရုပ်သံအစီအစဉ်လိုင်း ၃၆ လိုင်းပါဝင်တဲ့ Shall Package (ရှယ်အစီအစဉ်) ကို တလလျှင် ဈေးနှုန်း မြန်မာငွေ ၄၈၀၀ ကျပ်ကျသင့်ပြီး၊ ရုပ်သံလိုင်း ၇၈ လိုင်းပါဝင်တဲ့ Htoo Shall Package (ထူးရှယ်အစီအစဉ်) ကို ဈေးနှုန်း တလလျှင် မြန်မာငွေ ၇၉၀၀ ကျပ် ကျသင့်မယ်လို့ သိရပါတယ်။

Canal+ ဝန်ဆောင်မှုနဲ့ ရုပ်သံဖမ်းစက်များကို မြန်မာနိုင်ငံ တဝှမ်းမှာရှိတဲ့ Canal+ အရောင်းဆိုင်များ၊ အရောင်း ကိုယ်စားလှယ်များထံမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပြီး သက်တမ်းတိုးရန်အတွက် မြန်မာနိုင်ငံရှိ ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများနဲ့လည်း အကျိုးတူပူးပေါင်း ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Canal+ Group ကုမ္ပဏီဟာ ပြင်သစ်နိုင်ငံမှာ သာမက ပိုလန်၊ ဗီယက်နမ်နဲ့ အာဖရိက အစရှိတဲ့ နိုင်ငံများမှာ အောင်မြင်လျက်ရှိတဲ့ ရုပ်သံလိုင်းတခု ဖြစ်ပြီး Forever Group ကုမ္ပဏီကတော့ မြန်မာနိုင်ငံအတွင်း လူကြိုက်များတဲ့ အကြောင်းအရာ ကဏ္ဍစုံကို ထုတ်လွှင့် ပြသလျက်ရှိတဲ့ ပြည်တွင်း ရုပ်သံလိုင်းတခု ဖြစ်ပါတယ်။
The post မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ပြင်သစ်အခြေစိုက် Canal+ Myanmar အခပေး ရုပ်သံလိုင်း appeared first on ဧရာဝတီ.