Fan Service ဆိုတာကတော့ နာမည်ကျော်ကြားသူတွေနဲ့ ပရိသတ်တွေအကြား ချိတ်ဆက်မှုများ မဖြစ်မနေ လိုအပ်တဲ့ အရာတခုပဲ ဖြစ်ပါတယ်။ နာမည်ကျော်ကြားသူ ဆယ်လီတွေကတော့ အဲဒီလို fanservice တွေနဲ့ ပရိသတ်တွေကို အချစ်တွေ ပြန်လည်ဝေမျှပေးပြီး ပရိသတ်တွေကလည်း သူတို့ ထောက်ခံအားပေးတဲ့ ဆယ်လီတွေဆီကနေ ထိုက်တန်တဲ့ အရာတခုခု ပြန်လည်ရရှိနိုင်တာပဲ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့က tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “The List 2018” အစီအစဉ်မှာ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်ပညာရှင်တွေဟာ အကောင်းဆုံး fanservice ပေးနိုင်တဲ့ ထိပ်တန်း ကိုရီးယားစတား ၆ ဦးကို ရွေးချယ်ပေးခဲ့ပါတယ်။
ပထမနေရာမှာ ရှိနေသူကတော့ တောင်ကိုရီးယား၊ တနိုင်ငံလုံးရဲ့ ညီမငယ်လေးလို့ တင်စားကြတဲ့ အဆိုတော်၊ သီချင်းရေးဆရာ IU ပဲဖြစ်ပါတယ်။ IU ဟာ ပရိသတ်တွေနဲ့ အကြိမ်ပေါင်းမျာစွာ fanservice ပေးပြီး ပျော်ရွှင်စေခဲ့တယ် ဆိုတာ လျှို့ဝှက်တချက်တခု မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အဆိုတော် IU ဟာ သူ့ကို လာတွေ့တဲ့ ပရိသတ်တွေအတွက် ဘာဂါအလုံး ၅၀၀ ဝယ်ခဲ့ပါတယ်။
ဒါ့အပြင် သူ့ရဲ့ အနုပညာသက်တမ်းနှစ်ပတ်လည်အတွက် ပြည်သူ့သယ်ယူပို့ဆောင်ရေး ကတ်တွေ၊ တီရှပ်တွေနဲ့ အခြားအမှတ်တရပစ္စည်းတွေကိုလည်း ပေးခဲ့ပါသေးတယ်။ ဒုတိယနေရာမှာ ရှိနေသူက ပရိသတ်တွေကို နွေးထွေးတဲ့အပြုံး၊ နှိမ်ချတတ်တဲ့ အပြုအမူတွေနဲ့ ဆက်ဆံ ပေးတယ်လို့ နာမည်ကျော်တဲ့ မင်းသား Kang Haneul (ဂန်ဟာနူး) ပဲဖြစ်ပါတယ်။
မင်းသား Lee Jaehoon (လီဂျယ်ဟွန်း) ကတော့ တတိယနေရာမှရှိနေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်မှာ မင်းသား Lee ဟာ ပရိသတ်တွေကို ကိုယ်တိုင်ကိုယ်ကျ နှင်းဆီပေးတွေ ပေးခဲ့ပါတယ်။ ပရိသတ်တွေကြောင့် မင်းသားဟာ သူတို့တွေနဲ့အတူ Selfie ဓါတ်ပုံကိုလည်း ချီတုံချတုံဖြစ်မနေဘဲ ရိုက်ကူးခဲ့တာကိုလည်း တွေ့ရပါတယ်။
နံပါတ် ၄ နဲ့ ၅ နေရာမှာရှိနေသူတွေက A Pink အဖွဲ့ဝင် Eunji နဲ့ BIGBANG အဖွဲ့ဝင် Seungri တို့ပဲ ဖြစ်ပါတယ်။ Eunji ဟာ နှိမ်ချဆက်ဆံတတ်တဲ့ကိုယ်ရည်ကိုယ်သွေးကြောင့် နာမည်ကျော်ကြားပြီး Seungri ကတော့ သူ့ရဲ့ ဟာသဉာဏ်နဲ့ နွေးထွေးတဲ့ ဆွဲဆောင်မှုတွေကြောင့် နာမည်ကျော်ကြားပါတယ်။
နောက်ဆုံးမှာတော့ Lee Hyori ပါရှိလာပါတယ်။ သူ့ရဲ့ ‘Black’ ပရိုမိုးရှင်းပွဲတွေမှာ ပရိသတ်တွေဟာ အဆိုတော် Lee ရဲ့ ခန္ဓာကိုယ်ပေါ်မှာ လက်မှတ်ရေးထိုးခွင့်ရရှိခဲ့ကြပြီး အဲဒီနောက် သူဟာ သူ့ရဲ့ အနုပညာခြေလှမ်းသစ် သီချင်းကို စတိတ်စင်ပေါ်မှာ သီဆိုဖျော်ဖြေခဲ့တာကိုလည်း တွေ့ရပါတယ်။
Ref ; kstarlive
The post Fan Service အကောင်းဆုံးပေးနိုင်တဲ့ ထိပ်တန်းကိုရီးယားစတား ၆ ဦး appeared first on ဧရာဝတီ.