ကမ္ဘာကျော် အဆိုတော်၊ မော်ဒယ်လ် Dua Lipa ရဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ “BRIT Awards 2018 ဆုပေးပွဲ” မှာ ဝတ်ခဲ့တဲ့ ဝတ်စုံဟာ POND’s အလှကုန်ပစ္စည်းရဲ့ ပရိုမိုးရှင်းပွဲတခုမှာ မြန်မာနိုင်ငံမှ ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် မင်းသမီး ဖွေးဖွေး ဝတ်တဲ့ ဝတ်စုံနဲ့ ပုံစံဒီဇိုင်း ထပ်တူညီနေတယ်ဆိုပြီး Facebook လူမှုကွန်ရက်ပေါ်မှာ ပရိသတ် အများအပြားက ဝေဖန်လျက်ရှိပါတယ်။
အဲဒီ ပန်းရောင်ဂါဝန် ဝတ်စုံဒီဇိုင်းဟာ အီတလီ ဖက်ရှင်ဒီဇိုင်နာ Giambattista Valli ဖန်တီးချုပ်လုပ်ထားတဲ့ ဝတ်စုံ ဖြစ်ပြီး ပေါ့ပ်မင်းသမီးလေး Dua Lipa အတွက် “အိပ်မက်ဆန်တဲ့ ခေတ်သစ် မင်းသမီးလေး ဝတ်စုံ” ဆိုပြီး နာမည် ပေးထားတဲ့ BRIT Awards ဆုပေးပွဲ တက်ရောက်ဖို့ ချုပ်ပေးထားတဲ့ ဝတ်စုံလို့ သိရပါတယ်။
ဖွေးဖွေးကလည်း အဲဒီ ဝတ်စုံကို မတ်လ ၁ ရက်နေ့က ရန်ကုန်မြို့၊ Junction Square မှာ ပြုလုပ်ခဲ့တဲ့ POND’s အလှကုန် ပစ္စည်းရဲ့ နွေရာသီ ပရိုမိုးရှင်းအစီအစဉ်ပွဲမှာ ဝတ်ခဲ့တာ ဖြစ်ပြီး အဲဒီဝတ်စုံနဲ့ သူမရဲ့ အလှပုံများကိုလည်း “ဖွေးအရမ်း ကြိုက်နေတဲ့ ဝတ်စုံလေး၊ နာမည်လေးက တိမ်လွှာမို့မို့လွင်” ဆိုပြီး ရေးသားတင်ခဲ့ပါတယ်။
ဖွေးဖွေးရဲ့ အဲဒီဝတ်စုံကို ချုပ်လုပ်သူကတော့ မြန်မာနိုင်ငံမှ ဖက်ရှင်ဒီဇိုင်နာ ဖြိုးကိုဖြစ်ပြီး သူကတော့ သူ့ရဲ့ Facebook အကောင့်ကနေ “ညီမလေး ဖွေးဖွေး က Designer Giambattista Valli ရဲ့ Dress လေးကို ကြိုက်လို့ဆိုပြီး ပွဲတက်ဖို့ ချုပ်ခိုင်းလို့ သွားရမယ့် နေရာပေါ် မူတည်ပြီး ဂါဝန်ရဲ့ Volume ကို လျှော့ပြီး ချုပ်ပေးထားပါတယ်” ရေးသားကာ တင်ထားပါတယ်။
ဖွေးဖွေးကလည်း သူ့ရဲ့ Facebook Page ကနေ “Dua Lipa ကို တအား အရူးအမိုက် ကြိုက်လွန်းလို့ သူဝတ်တဲ့ပုံလေးကို အမြတ်တနိုး လိုက်ဝတ်ချင်လွန်းလို့ကို ဝတ်ထားတာပါကွယ်။ သူက ကမ္ဘာကျော်ဆိုတော့ မြန်မာပဲ ကျော်တဲ့ အိုင်လေးက သူ့ပရိတ်သတ်မို့ပါ။ ဂျီကျလွန်းလို့ ဆင်တူမှန်း သိရက် သေချာလုပ်ပေးတဲ့ ကိုဖြိုးကို ကိုလည်း ကျေးဇူးပါလို့။ Peace Peace My Loves” ဆိုပြီး Comment မှာ Reply လုပ်ကာ ပရိသတ်များကို ပြန်လည် ဖြေရှင်းထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီဝတ်စုံ ဒီဇိုင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြားမှာ အခုလို နိုင်ငံကျော် မင်းသမီး တယောက်အနေနဲ့၊ ဒီဇိုင်နာ တယောက်အနေနဲ့ ကမ္ဘာကျော် ဝတ်စုံဒီဇိုင်းကို ထပ်တူညီအောင် မကူးယူသင့်ဘူးဆိုတဲ့ ဝေဖန်မှုတွေ ရေးသား ပြောဆိုလျက် ရှိနေပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ဖွေးဖွေးကို ပြည့်တန်ဆာ ဇာတ်ရုပ်နဲ့ မြင်တွေ့ရမယ့် “ရွှေကြာ” ရုပ်ရှင် မကြာမီ ရုံတင်မည်
The post ကမ္ဘာကျော် အဆိုတော်၊ မော်ဒယ်လ် Dua Lipa ရဲ့ ဝတ်စုံနဲ့ ဒီဇိုင်းတူလို့ ဝေဖန်ခံနေရတဲ့ ဖွေးဖွေး appeared first on ဧရာဝတီ.