ကမ္ဘာကျော်အဆိုတော် Bon Jovi ရဲ့ နောက်ဆုံးထွက် သီချင်း အယ်လ်ဘမ် “This House Is Not for Sale” အခွေဟာ Billboard 200 ဇယားမှာ နံပါတ် ၁ နေရာကို ပြန်လည် ရောက်ရှိလာတယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ်တုန်းက ယူနစ်ပေါင်း ၁၂၉၀၀၀ နဲ့ Billboard ဇယားထိပ်ပိုင်းကို ရောက်ရှိခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရက်သတ္တပတ်၊ မတ်လ ၁ ရက်နေ့မှာ အယ်လ်ဘမ် ယူနစ် ၁၂၀၀၀၀ ကို ရောက်ရှိခဲ့ပြီး ဇယားထဲကို တဖန် ပြန်လည်ဝင်ရောက်လာတာလို့ Nielsen Music မီဒီယာ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီအောင်မြင်မှုဟာ အဆိုတော် Bon Jovi ရဲ့ မကြာခင် ပြုလုပ်တော့မယ့် အမေရိကန်နယ်လှည့် ဖျော်ဖြေပွဲအတွက် လက်မှတ်နဲ့ Album ရောင်းချမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ပွဲစဉ်ပေါင်း ၂၄ ခုနဲ့ ပြုလုပ်မယ့် အဆိုပါ နယ်လှည့် ဖျော်ဖြေပွဲကိုတော့ Denver မြို့မှာရှိတဲ့ Pepsi Center မှာ မတ်လ ၁၄ ရက်နေ့ကနေ စတင်မှာဖြစ်ပြီး Washington D.C မှာရှိတဲ့ Capital One Arena မှာ မေ ၂၄ ရက်နေ့ကျရင် အဆုံးသတ်မှာ ဖြစ်ပါတယ်။
“This House Is Not for Sale” သီချင်း Album ဟာ နံပါတ် ၁ နေရာကို ပြန်လည်ရရှိနိုင်ခဲ့တဲ့ တတိယမြောက် Album လည်း ဖြစ်ပါတယ်။ အရင် Album၂ ချပ်ကတော့ ၂၀၁၆ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ အဆိုတော် Prince ရဲ့ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ “The Very Best of Prince” အယ်လ်ဘမ်နဲ့ အဆိုတော် Chris Stapleton ရဲ့ ၂၀၁၅ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “Traveller” အယ်လ်ဘမ်တို့ပဲ ဖြစ်ပါတယ်။
Billboard 200 ဇယားမှာတော့ “Black Panther” ဇာတ်ဝင်တေး Album က ယူနစ် ၉၉၀၀၀ နဲ့ ဒုတိယနေရာကို ဆင်းသွားခဲ့ပြီး နံပါတ် ၃ နေရာမှာတော့ Migos ရဲ့ “Culture II” Album က ယူနစ် ၅၉၀၀၀ နဲ့ ရပ်တည်နေပါတယ်။
Rap အဆိုတော် 6ix9ine ရဲ့ ပွဲဦးထွက် Album “Day69” ကတော့ ယူနစ် ၅၅၀၀၀ နဲ့ စတုတ္ထနေရာမှာ ရှိနေပြီး “The Greatest Showman” ရုပ်ရှင်ဇာတ်ဝင်တေး Album ကတော့ ယူနစ် ၅၃၀၀၀ နဲ့ နံပါတ် ၅ နေရာကို ဆင်းသွားပါတယ်။ Ed Sheeran ရဲ့ “Divide (division sign)” Album ကတော့ ယူနစ် ၃၉၀၀၀ နဲ့ နံပါတ် ၆ နေရာကို တက်လာတယ တွေ့ရပါတယ်။
နံပါတ် ၇ နေရာမှာတော့ Post Malone ရဲ့ “Stoney” Album က ယူနစ် ၃၉၀၀၀ နဲ့ ရပ်တည်နေပြီး နံပါတ် ၈ နေရာ မှာတော့ Imagine Dragon အဖွဲ့ရဲ့ “Evolve” Album က ယူနစ် ၃၁၀၀၀ နဲ့ ထိပ်တန်း Album ၁၀ ခုစာရင်းမှာ ပြန်လည် ပါဝင်လာခဲ့ပါတယ်။
အဆိုတော် Kendrick Lamar ရဲ့ “DAMN” Album ဟာ ယူနစ် ၂၉၀၀၀ နဲ့ နံပါတ်၉ နေရာမှာ ရပ်တည်နေပြီး အဆိုတော်၊ သီချင်းရေးဆရာ Vance Joy ရဲ့ “Nation of Two” Album ကတော့ နံပါတ် ၁၀ နေရာမှာ ရောက်ရှိနေပါတယ်။
Ref ; aceshowbiz
The post Billboard စာရင်းမှာ နံပါတ် ၁ နေရာ ပြန်ရောက်လာတဲ့ Bon Jovi ရဲ့ “This House Is Not for Sale” appeared first on ဧရာဝတီ.