၂၀၁၆ ခုနှစ်မှာ စီးပွားရေးနဲ့ အနုပညာအရ အာရှတခွင်မှာ အောင်မြင်ခဲ့တဲ့ ကိုရီးယား Zombie ရုပ်ရှင် “Train to Busan” ကို Virtual Reality (သုံးဖက်မြင် ရုပ်လုံးရုပ်ကြွ ပုံရိပ်ယောင်) ပရိုဂရမ်တွေ အဖြစ် ပြန်လည် ဖန်တီးတော့မှာ ဖြစ်တယ်လို့ အဆိုပါ ရုပ်ရှင်ကို နိုင်ငံတကာအထိ ဖြန့်ချိပေးနေတဲ့ ကုမ္ပဏီက ယနေ့ မတ်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။
“Train to Busan” ရုပ်ရှင်ကို ရင်းနှီးမြှုပ်နှံမှုနဲ့ ဖြန့်ချိခဲ့တဲ့ Next Entertainment World ကုမ္ပဏီမှ နိုင်ငံတကာ ရောင်းချရေး ဌာနခွဲဖြစ်တဲ့ Contents Panda ကနေ အဆိုပါ ရုပ်ရှင်ကို အခြေခံထားတဲ့ VR ဗီဒီယို၊ ဂိမ်းနဲ့ အခြား Content များ ထုတ်လုပ်ပြီး ကမ္ဘာတဝန်း ဖြန့်ချိဖို့အတွက် စင်ကာပူနိုင်ငံရဲ့ Vividthree Productions နဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီရုပ်ရှင်ထဲက ရင်ခုန်စိတ်လှုပ်ရှားစရာ အတွေ့အကြုံကို “VR tour show” လို့ခေါ်တဲ့ Content နဲ့ ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ စင်ကာပူကုမ္ပဏီက ဆိုပါတယ်။ Contents Panda မှ အကြီးအကဲ ကင်ဂျယ်မင်းက “သေသေချာချာ ဖန်တီးထားတဲ့ ရုပ်ရှင်တခုရဲ့ အလားအလာကို ပြသနိုင်တဲ့ ကောင်းတဲ့ ကိစ္စတရပ် ဖြစ်လာမယ်လို့ ကျနော် ထင်ပါတယ်။ အတွေ့အကြုံ အသစ်တခုကို ပေးစွမ်းနိုင်မယ့် Channel တခုကနေ တဆင့် ရုပ်ရှင်နဲ့ နိုင်ငံတကာမှာရှိတဲ့ ပရိသတ်တွေ ဆုံတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။
၂၀၁၆ ခုနှစ်ရဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော် Midnight Screening ကဏ္ဍမှ ပွဲဦးထွက်ပြသခဲ့တဲ့ “Train to Busan” ရုပ်ရှင်ဟာ ကမ္ဘာတဝန်းမှာ ရုံဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၁၄ဝ ရရှိခဲ့ပါတယ်။ မကြာမီ အတွင်းမှာလည်း ပြင်သစ် စတူဒီယိုတခု ဖြစ်တဲ့ Gaumont ကနေ အင်္ဂလိပ်စကားပြောနဲ့ ပြန်လည်ဖန်တီးဦးမှာ ဖြစ်ပါတယ်။ အဲဒီ ရုပ်ရှင်မှာ မင်းသား ဂုံယူ (Gong Yoo) ၊ မာဒုံဆော့ (Ma Dong-seok)၊ မင်းသမီး ဂျောင်ယူမီ (Jung Yu-mi) နဲ့ ကလေးသရုပ်ဆောင် ကင်ဆူအန် (Kim Su-an) တို့ အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။
Ref; yonhap
The post “Train to Busan” ရုပ်ရှင်ကို VR အသွင်အမျိုးမျိုးဖြင့် ခံစားကြည့်ရှုနိုင်တော့မည် appeared first on ဧရာဝတီ.