အချိန် ၂ နှစ်ကြာ လက်တွဲခဲ့တဲ့ ချစ်သူ အဆိုတော် Zayn Malik နဲ့ မော်ဒယ် Gigi Hadid တို့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် Gigi Hadid ဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ပြန်လည်ရရှိနေပါတယ်။
အသက် ၂၂ နှစ်အရွယ်၊ မော်ဒယ် Gigi Hadid နဲ့ ချစ်သူ အဆိုတော် Zayn Malik တို့ဟာ မတ်လ ၁၃ ရက်နေ့မှာပဲ သူတို့နှစ်ဦး လမ်းခွဲလိုက်ပြီ ဆိုတဲ့အကြောင်း Twitter မှာ ကြေညာခဲ့ပါတယ်။
“လူနှစ်ယောက်က အချစ်ရေးမှာတင် မဟုတ်ဘဲနဲ့ သာမန်ဘဝရေးမှာ နှစ်အနည်းငယ်လောက် အတူတူ ရင်ဆိုင်ခဲ့ကြ ရတာကို စကားလုံးတွေနဲ့ တန်ဆာဆင်ဖို့ မလိုအပ်တဲ့အတွက် လမ်းခွဲတယ်ဆိုတဲ့ ကြေညာချက်တွေကိုတော့ တခါတလေ တရားဝင် မထုတ်ပြန်ပါဘူး”
“Z နဲ့ ကျမအတူ ဝေမျှခဲ့တဲ့ ဘဝသင်ခန်းစာ၊ အချိန်နဲ့ အချစ်အတွက် အမြဲတမ်း ကျေးဇူးတင်နေမှာပါ။ သူ့အတွက် အကောင်းဆုံး တွေကလွဲလို့ ကျမ ဘာမှ လိုချင်ပါဘူး၊ ကျမ လေးစားရပြီး ချစ်ခင်ရမယ့် သူငယ်ချင်းတဦး အနေနဲ့ သူ့ကို ဆက်လက်ရှိသွားမှာပါ၊ အမြဲတမ်း အဲဒီလို အဓိပ္ပာယ်နဲ့ ရှိသွားမှာပါ” လို့ Gigi Hadid က သူ့ Twitter အကောင့်မှာ ရေးသားခဲ့ပါတယ်။
တဖက်မှာလည်း Zayn Malik က Gigi နဲ့ သူဟာ အရမ်းကို အဓိပ္ပာယ်ရှိ၊ ချစ်ခင်ရပြီး ပျော်ဖို့ကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ခဲ့တယ်လို့ ရေးသားခဲ့ပါတယ်။
Zayn က “Gigi ကို ကျနော်က အမျိုးသမီး တယောက်အနေနဲ့ရော သူငယ်ချင်းတယောက် အနေနဲ့ပါ တော်တော်လေးကို လေးစားပြီး အားကျရပါတယ်။ သူ့မှာ အံ့သြဖို့ကောင်းတဲ့ စိတ်စွမ်းအင်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီအချိန်မှာ ကျနော်တို့ရဲ့ Privacy နဲ့ ဒီလိုမျိုးခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို လေးစားပေးခဲ့ကြတဲ့ ကျနော်တို့ရဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီသတင်းတွေက ကျနော်တို့ ဆီကနေပဲ အရင်ဆုံးထွက်လာပါစေလို့ ဆန္ဒရှိခဲ့တာပါ။ အားလုံးကို ကျနော်တို့ချစ်ပါတယ်” လို့ ရေးသားထားတာပါ။
အခုလို လမ်းခွဲတဲ့ သတင်းကြေညာချက်ထွက်ပေါ်လာပြီးတဲ့နောက် Zayn ဟာ သူ့ချစ်သူဟောင်း မော်ဒယ် Gigi နဲ့ မိခင် Yolanda Hadid တို့ကို Instagram မှာ Unfollow လုပ်ခဲ့ပါတယ်။ ဒါပေမယ့် Gigi နဲ့ သူ့အမေကတော့ Zayn ကို Follow လုပ်ထားဆဲ ဖြစ်ပါတယ်။
သူ့တို့စုံတွဲနှစ်ဦးရဲ့ ပရိသတ်တွေ ကတော့ စိတ်ထိခိုက် ခံစားနေကြပြီးတော့ လမ်းခွဲတဲ့သတင်းနဲ့ ပတ်သက်လို့ ဝမ်းနည်း နေကြပါတယ်။ Gigi ရဲ့ မျက်လုံးလို့ ယူဆရတဲ့ Zayn ရဲ့ မျက်လုံးတက်တူးတွေနဲ့ ပတ်သက်လို့ ပရိသတ်တွေကလည်း တုန့်ပြန် ရေးသားနေကြပါတယ်။ ပရိသတ်တဦးက “Zayn ဟာ Gigi ကို Unfollow လုပ်နိုင်တယ်။ ဒါပေမယ့် သူ့ တက်တူး ကိုတော့ Unfollow မလုပ်နိုင်ပါဘူး” လို့ ရေးသားခဲ့ပါတယ်။
Zayn နဲ့ Gigi တို့ဟာ ၂၀၁၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ American Music Awards ပွဲပြီးပါတီကနေ နှစ်ယောက်သား အတူတူ ပြန်သွားခဲ့ကြပြီးနောက် အဲဒီနှစ် နိုဝင်ဘာလထဲမှာပဲ အချစ်ရေး ကောလာဟလသတင်းတွေ ပထမဆုံး ထွက်ပေါ်ခဲ့တာပါ။
သူတို့နှစ်ဦးဟာ၂၀၁၆ ခုနှစ်၊ Met Gala ပွဲ ကော်ဇော်နီလမ်းမထက်မှာ နှစ်ဦးသား အတူတူ ပွဲတက်ခဲ့ပြီးတဲ့နောက် အဲဒီ ကောလာဟလသတင်းတွေကို အတည်ပြုခဲ့ပါတယ်။ အဲဒီ Gala ပွဲပြီးနောက်မှာတော့ ခဏလောက် အချစ်ရေး အခြေအနေ ရပ်ဆိုင်းသွားခဲ့ပြီး အဲဒီနှစ် မေလမှာပဲ အချစ်ဇာတ်လမ်း တခန်းပြန်စခဲ့ပါတယ်။
Ref ; aceshowbiz
The post ၂ နှစ်ကြာ လက်တွဲခဲ့ပြီးနောက် အဆိုတော် Zayn Malik နဲ့ မော်ဒယ် Gigi Hadid တို့ လမ်းခွဲလိုက်ပြီ appeared first on ဧရာဝတီ.