ကမ္ဘာကျော် အဆိုတော်၊ သရုပ်ဆောင် Jennifer Lopez (ဂျနီဖာလိုပက်ဇ်) ဟာ ဟောလိဝုဒ်မှာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ် တခုကို မကြာသေးခင်က ဝေမျှပြောဆို လိုက်ပါတယ်။
အသက် ၄၈ နှစ်အရွယ် အဆိုတော်၊ မင်းသမီး Jennifer Lopez ဟာ သူ့ရဲ့ အနုပညာလုပ်ငန်း အစပိုင်းလောက်မှာ ဒါရိုက်တာတဦးက သူ့ရဲ့ရှပ်အကျႌကို ချွတ်ခိုင်းခဲ့တယ်လို့ Haper’s Bazaar မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။
အဲဒီ ဒါရိုက်တာရဲ့ နာမည်ကို ဖော်ပြပြောဆိုခဲ့ခြင်း မရှိခဲ့ပေမယ့် Jennifer Lopez က “တချို့အမျိုးသမီးတွေ ကြုံခဲ့တဲ့ ပုံစံအတိုင်း အစော်ကားခံခဲ့ရတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါရိုက်တာ တယောက်က ကျမရဲ့ ရှပ်အကျႌကို ချွတ်ခိုင်းပြီး ကျမရဲ့ ရင်သားတွေကို ပြခိုင်းခံခဲ့ရတာမျိုးနဲ့ ကြုံခဲ့ရပါတယ်။ ကျမ ပြခဲ့သလားဆိုတော့ မပြခဲ့ပါဘူး”လို့ ပြောပါတယ်။ သူ့ရဲ့ အနုပညာ အသက်မွေးဝမ်းကြောင်း လုပ်ငန်းအပေါ် ထိခိုက်နိုင်တဲ့အတွက် အဲဒီအကြောင်း ထုတ်ပြောဖို့ ကြောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
Jennifer Lopez က “ကျမပြောမယ်လို့ လုပ်တဲ့အခါ တော်တော်လေး ကြောက်ခဲ့ရတယ်။ ကျမ ရင်ဘတ်ထဲက နှလုံး ခုန်ထွက် တော့မယ့်ပုံစံကို သတိရမိပါတယ်။ ငါဘာလုပ် လိုက်ပြီလဲ။ ဒီအမျိုးသားက ငါ့ကို ငှားရမ်းထားတာ။ ဒါ ငါ့ရဲ့ ပထမဆုံး ရုပ်ရှင်ပဲလို့ တွေးနေခဲ့ရတာပါ” လို့ ပြောပါတယ်။ ဒါပေမယ့် သူဟာ အဲဒီဒါရိုက်တာရဲ့ အပြုအမူက မမှန်ဘူး ဆိုတာ သိလိုက်ရတဲ့အတွက် ထုတ်ပြောဖို့ ဆုံးဖြတ်ချက် ချလိုက်တာကိုလည်း နောင်တ မရခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒါ မတိုင်ခင်မှာ “Shades of Blue ” မင်းသမီး Jennifer Lopez က ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလမှာ Puerto Rico ကို ပြန်သွားလည်ခဲ့တဲ့ အချိန်အတွင်း အဲဒီလှုပ်ရှားမှု (#MeToo ကမ်ပိန်း) ကို ထောက်ခံတယ်ဆိုတာ ပြသခဲ့ပါတယ်။ သူဟာ ရွှေကမ္ဘာလုံး ဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ အခြား လုပ်ဖော်ကိုင်ဖက် အမျိုးသမီးသရုပ်ဆောင်တွေနဲ့ အတူ အနက်ရောင် ဝတ်ဆင်ပြီး ပူးပေါင်းဆောင်ရွက်မှုကို ပြသခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုဟာ “အမျိုးသမီးတွေအတွက် လှပသောအချိန်” လို့ Billboard နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ Jennifer Lopez က ပြောပါတယ်။ သူက “ကျမတို့ရဲ့ အသံတွေကို ရှာဖွေနေတာပါ။ လောင်းရိပ်အောက်ကနေ ထွက်လာပြီး ကျမတို့ ဘယ်လို ခံစားနေရတယ်ဆိုတာကို ပြောနေကြပါပြီ။ ကျမတို့ရဲ့ ထိုက်တန်မှု၊ တန်ဖိုးကို သိလာကြပြီး ကျမတို့ရဲ့ တန်ဖိုးကို ဆန့်ကျင်ဘက်လိင်တွေ သိလာအောင် လုပ်နိုင်ပါပြီ။ ထုတ်ဖော် ပြောဆိုကြတဲ့ အမျိုးသမီးတွေကို ကျမအမြဲထောက်ခံပါတယ်။ အထူးသဖြင့် ကျမ သမီးလေးအတွက် အခု ကျမတို့ နေထိုင်နဲ့အချိန်နဲ့ ပတ်သက်လို့ တကယ့်ကိုပဲ စိတ်လှုပ်ရှားနေမိပါတယ်” လို့ ပြောပါတယ်။
Ref ; aceshowbiz
The post အနုပညာ လုပ်ငန်းအစမှာ ရှပ်အကျႌချွတ်ပြီး ရင်သား ပြခိုင်းခံခဲ့ရတဲ့ Jennifer Lopez appeared first on ဧရာဝတီ.