ဒီတခါမှာတော့ IMDB rating (8.1) ရရှိထားတဲ့ ဟာသမင်းသားကြီး Jim Carrey ပါဝင်သရုပ်ဆောင်ထားတဲ့ “The Trueman Show” ဆိုတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒါရိုက်တာ Peter Weir ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ဖျော်ဖြေမှု တခုထက်ပိုပြီး ဘဝအတွက် သင်ခန်းစာတွေ ပေးစွမ်းနိုင်တဲ့အပြင် မှတ်သားစရာတွေ ပါဝင်တဲ့ ရုပ်ရှင်ကားကောင်း တကားလည်းဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ Trueman ဆိုတဲ့ နာမည်ကြီး TV show တခုဟာ မင်းသား Trueman ဆိုတဲ့သူရဲ့ မွေးဖွားချိန်ကနေ စတင်လို့ သူ့ဘဝ တလျှောက်လုံးကို စတူဒီယို အကြီးစား တခုထဲမှာ ထည့်ပြီး ကမ္ဘာအရပ်ရပ်က ပရိသတ်တွေကို ၂၄ နာရီ တိုက်ရိုက် ထုတ်လွှင့်နေတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။
ဒါကို TV အစီအစဉ် တခုလို့ မသိတာဟာ Trueman တယောက်တည်းသာ ဖြစ်ပြီး သူကလွဲရင် ကျန်တဲ့သူအားလုံးက ဒါကို TV အစီအစဉ်တခုမှန်း သိကြပါတယ်။ သူ့ဇနီး ၊ သူငယ်ချင်းနဲ့ မိဘအပါအဝင် သူ့ပတ်ဝန်းကျင်က လူအားလုံးဟာ ဟန်ဆောင် သရုပ်ဆောင်တွေသာ ဖြစ်ကြပြီး သူ့ဘဝတလျှောက်လုံးမှာ အသုံးပြုတဲ့ အသုံးအဆောင်ပစ္စည်းတွေကလည်း ကြော်ငြာလုပ်ငန်းတွေက စပွန်ဆာ ပေးထားတဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။
ကမ္ဘာအရပ်ရပ်က ပရိသတ်တွေကလည်း Trueman သန္ဓေသား ဘဝတည်းကနေစလို့ ငယ်ဘဝရဲ့ ပုံရိပ်တွေ၊ ချစ်သူနဲ့ ချိန်းတွေ့တာက စလို့ လုပ်ငန်းခွင်ဘဝ၊ အိမ်ထောင်သည်ဘဝ စတာတွေကို တလျှောက်လုံး ကြည့်ခဲ့သူတွေ ဖြစ်တာကြောင့် ဒီ TV Show အစီအစဉ်ဟာ ပရိသတ်တွေရဲ့ တမ်းတမ်းစွဲ အစီအစဉ် တခုလည်း ဖြစ်လာပါတယ်။
ဒီလိုနဲ့ တရက်မှာတော့ Trueman ဟာ သူ့ဘဝရဲ့ ထပ်တလဲလဲ ဖြစ်နေတဲ့ အတုအယောင် ကမ္ဘာကို ရိပ်မိလာပြီး စစ်မှန်တယ်လို့ထင်တဲ့ သူချစ်ခင်ရတဲ့သူ အားလုံးဟာ အလိမ်အညာတွေမှန်း သိလာတဲ့ အခါမှာတော့ တနေရာရာကို ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။ လျှို့ဝှက်ရိုက်ကူးနေတဲ့ ကင်မရာတွေ အောက်ကနေ သူရုန်းထွက်နိုင်မလား၊ သူ့ကို တားဆီးနေတဲ့ အတုအယောင် ကမ္ဘာက လူတွေရဲ့ အန္တရာယ်ကနေ လွတ်မြောက်နိုင်မလား ဆိုတာကို ဒီဇာတ်ကားမှာ ဆက်လက် ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ နိုင်ငံတကာမှာလည်း ဆုတွေအမြောက်အမြား ရရှိထားတဲ့အပြင် Trueman အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Jim Carrey ရဲ့သရုပ်ဆောင်မှုတွေကလည်း ကြည့်ရှုသူကိုပါ ဒီဇာတ်ကားထဲကို စီးမျောသွားအောင် ခေါ်ဆောင်သွားနိုင်ပါတယ်။
ရုပ်ရှင်ဝေဖန်ရေး သမားတွေရဲ့ မသေခင် ကြည့်ရှုသင့်တဲ့ ဇာတ်ကားအညွှန်း စာရင်းတွေထဲမှာ ပါဝင်တဲ့ ဒီဇာတ်ကားဟာ ကြည့်ရှုသူကို အတွေးတခုခု ပေးစွမ်းနိုင်မှာ ဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ညွှန်းဆို ပေးလိုက်ရပါတယ်။
The post ဖျော်ဖြေရေးထက်ပိုတဲ့ ရုပ်ရှင်ဇာတ်ကား “The Trueman Show” appeared first on ဧရာဝတီ.