Marvel စတူဒီယိုရဲ့ နောက်ဆုံးထွက်ရှိလာမယ့် Avengers: Infinity War ရုပ်ရှင်အတွက် ဂုဏ်ပြုကျင်းပတဲ့ ပရိသတ် တွေ့ဆုံပွဲကို အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ Television Studios White City မှာ ကျင်းပခဲ့ပါတယ်။
အဲဒီပွဲကို ရုပ်ရှင်ထဲ မှာ ပါဝင်တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Benedict Cumberbatch, Joe Russo, Sebastian Stan, Tom Hiddleston, Elizabeth Olsen, Paul Bettany, Letitia Wright, Tom Holland နဲ့ Anthony Russo တို့ တက်ရောက်ခဲ့တာကို တွေ့ ရပါတယ်။
Doctor Strange အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Benedict Cumberbatch ကတော့ ဇနီးဖြစ်သူ Sophie Hunter နဲ့အတူ ပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ငယ်ရွယ်တဲ့ကလေးနှစ်ဦးကို အိမ်မှာထားခဲ့ပြီး နှစ်ဦး သား လွတ်လပ်ပျော်ရွှင်စွာနဲ့ ပွဲကို တက်ရောက်လာ ကြခြင်းလည်း ဖြစ်ပါတယ်။
Scarlett Witch အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီး Elizabeth Olsen ကတော့ အစိမ်းရောင် ပွဲတက်ဝတ်စုံနဲ့ တက် ရောက်လာခဲ့ပါတယ်။ သူနဲ့အတူ တွဲဖက် တက်ရောက်လာသူတွေက ပင့်ကူလူသား အဖြစ် သရုပ်ဆောင်ထားတဲ့ Tom Holland နဲ့ Shuri အဖြစ် သရုပ်ဆောင်ထားတဲ့ Letitia Wright တို့ ဖြစ်ပါတယ်။ မင်းသား Tom Holland ကတော့ ခရမ်း ရောင် ကော်ဇောထက်မှာ ပင့်ကူလူသားဝတ်စုံကို ဝတ်ဆင်ထားတဲ့ ပရိသတ်တဦးနဲ့အတူ ယှဉ်တွဲ ဓါတ်ပုံအရိုက်ခံခဲ့တာ ကိုလည်း တွေ့ရပါတယ်။
Avengers: Infinity War ရုပ်ရှင်ဟာ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Avengers နဲ့ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers: Age of Ultron ရုပ်ရှင်တို့နဲ့ နောက်ဆုံးတွဲ ဇာတ်လမ်းတခုလည်း ဖြစ်ပါတယ်။
Captain America: Civil War ရုပ်ရှင်ထဲက ဖြစ်ရပ်တွေနောက်ပိုင်း Avengers အဖွဲ့ကြီး အပိုင်းပိုင်းကွဲသွားပြီး ၁၀ နှစ် လောက်အကြာမှာ စကြာဝဠာ လူဆိုးကြီး Thanos ဟာ လက်ဖျောက်တချက်တီးရင် စကြာဝဠာတခုလုံး နီးပါးကို ဖျက်ဆီး နိုင်တဲ့အထိ အင်အားတိုးပေးနိုင် တဲ့ သံလက်အိတ်ပေါ်မှာ တပ်ဖို့ Infinity Stones တွေကို ကမ္ဘာမြေပေါ်မှာ လာရောက် ရှာဖွေတဲ့ အကြောင်းကို ဇာတ်အိမ် တည်ထားပါတယ်။
စကြာဝဠာ တဝက်လောက်ကို မဖျက်စီးခင် သူ့ကို တားဆီးဖို့ Avengers အဖွဲ့ဟာ Guardians of the Galaxy အဖွဲ့နဲ့ ပူးပေါင်းခဲ့ကြပုံကိုလည်း မြင်တွေ့ရမှာပါ။ Avengers: Infinity War ရုပ်ရှင်ကို နိုင်ငံတကာမှာ ဧပြီ ၂၇ ရက် နေ့က စလို့ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။
Ref : Daily Mail
The post လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တဲ့ “Avengers: Infinity War” ပရိသတ်တွေ့ဆုံပွဲ appeared first on ဧရာဝတီ.