“ထက်ထက်မိုးဦး ခေတ်”လို့ ပြောလို့ရတဲ့ တီဗီကြော်ငြာခေတ်မှာ ဆယ်စုနှစ်တခုအကြာ တီဗီဖန်သားပြင်ထက်နှင့် ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာတခုကို အပိုင်ယူထားခဲ့တဲ့ မင်းသမီး ထက်ထက်မိုးဦးက ယနေ့၊ မေလ ၈ရက်နေ့မှာ အသက် ၄၇ နှစ် ပြည့်သွားပြီလို့ သိရပါတယ်။
ထက်ထက်မိုးဦးက အနုပညာသက်တမ်း ဆယ်စုနှစ်တွေကျော်လာပြီး အသက် ၄၇ နှစ်ရှိပြီဖြစ်ပေမယ့် အခုချိန်ထိ ချစ်စရာအပြုံးလေးနဲ့ ပရိသတ်ရဲ့ ရင်ထဲမှာရှိဆဲ ဖြစ်ပါတယ်။ “မှုံရွှေရည်”လို့ခေါ်တဲ့ ထက်ထက်မိုးဦးကို ၁၉၇၁ ခုနှစ်က မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း ၃ ဦးရှိတဲ့အထဲမှာ သူမက အငယ်ဆုံးသမီး ဖြစ်ပါတယ်။
အနုပညာလောကထဲကို ၁၉၉၂ ခုနှစ်က စတင် ဝင်ရောက်ခဲ့ပြီး ပထမဆုံး အနုပညာလှုပ်ရှားမှုအနေဖြင့် “ခိုင်မာလာနှင်းဆီ” ဆိုတဲ့ သနပ်ခါးကြေငြာကို စတင် ရိုက်ကူးခဲ့ပါတယ်။
“ကြော်ငြာဘုရင်မ” လို့ ပရိသတ်ရဲ့ တခဲနက်အားပေးခြင်းခံရတဲ့ ထက်ထက်မိုးဦးဟာ သူမ ရိုက်ကူးခဲ့တဲ့ တီဗီ ကြော်ငြာပေါင်း တထောင်နီးပါး ရှိခဲ့ပါတယ်။ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်း ၃၀၀ ကျော် ရိုက်ကူးခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ “ပန်းသခင်” ဆိုတဲ့ ရုပ်ရှင်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒုတိယမြောက် အကယ်ဒမီဆု ကိုတော့ “သမီးမိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။
အနုပညာအလုပ်မှာ အောင်မြင်သလောက် အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ကံမကောင်းခဲ့တဲ့ ထက်ထက်မိုးဦးဟာ ၂၀၁၀ ခုနှစ်မှာ မော်ဒယ်၊ သရုပ်ဆောင် စိုင်းလွှမ်းနဲ့ လက်ထပ်ခဲ့ပြီး စစ်လွန်းဝတီထက်ဆိုတဲ့ သမီးလေးတယောက် ရရှိခဲ့ပါတယ်။
သမီးဖြစ်သူနှင့်အတူ ကြော်ငြာများလည်း ရိုက်ကူးခဲ့ပြီး ပရိသတ်များက “အမေ့ခြေရာ နင်းမယ့် သမီးလေး” လို့လည်း ပြောစမှတ် ပြုခဲ့ကြပါတယ်။ ၁၉၉၃ ခုနှစ်မှ စတင်ကာ အနုပညာအလုပ်များကို လုပ်ကိုင်လာခဲ့တဲ့ ထက်ထက်မိုးဦးဟာ ကြားကာလတခုမှာ အနုပညာအလုပ်များကို ခဏတာ ရပ်နားခဲ့ပြီးနောက်မှာ အနုပညာလုပ်ငန်းများကို အနည်းငယ် ပြန်လည် လက်ခံလုပ်ကိုင်လာခဲ့ပါတယ်။
ဘဝ အချိုးအကွေ့များစွာနဲ့ ကြုံတွေ့ခဲ့ရတဲ့သူမဟာ ဘဝအမောများ စိတ်သောကများ ငြိမ်းချမ်းစေဖို့အတွက် ၄ လကြာ သီလရှင်ဝတ်ခဲ့ပြီး ကျန်ရှိနေတဲ့ ဘဝကို ဘယ်လိုလျှောက်လှမ်းရမလဲဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ် နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
သာသနာ့ဘောင်မှ ထွက်ပြီး မကြာခင်မှာပဲ ပရိသတ်များ ရှေ့မှောက်သို့ “ထက်ထက်မိုးဦး ပြန်လာပြီ”ဆိုတဲ့ ခေါင်းစဉ်နဲ့ အနုပညာအလုပ်များ ပြန်လည်လုပ်ကိုင်တော့မယ့် အကြောင်းကို ဧပြီလ ၁၉ ရက်နေ့က စာနယ်ဇင်း မီဒီယာများထံမှ တဆင့် အကြောင်းကြားခဲ့ပါတယ်။
ယခုအခါမှာတော့ ထက်ထက်မိုးဦး အနုပညာအလုပ် ပြန်လည်လုပ်ကိုင်ခဲ့တဲ့ အချိန်က ရိုက်ကူးထားတဲ့ “ရှယ်ချွေးမ” ရုပ်ရှင်ကားကြီးလည်း ရုံတင်ပြသလျက်ရှိပြီး ကြော်ငြာများလည်း ပြန်လည်ရိုက်ကူးနေပြီဖြစ်ကာ အနုပညာအလုပ်များ ပြန်လည် လုပ်ကိုင်လာပြီဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ဘဝမှာ မှားခဲ့တဲ့အမှားတွေအတွက် ဘယ်တော့မှနောက်ကြောင်းပြန်မတွေးတာအမှန်ပဲဆိုတဲ့ ထက်ထက်မိုးဦး
The post တခါက “ကြော်ငြာဘုရင်မ” မင်းသမီး ထက်ထက်မိုးဦး appeared first on ဧရာဝတီ.