လူငယ် ပရိသတ်များ အခိုင်အမာ ရရှိထားပြီး အသဲကွဲ သီချင်းများ၊ အချစ်သီချင်းများ သီဆိုလေ့ရှိတဲ့ အဆိုတော် ရွှေထူးက ဒီရက်ပိုင်းအတွင်း သူ့ရဲ့ Relationship နဲ့ ပတ်သက်ပြီး သူ့ရဲ့ ချစ်သူနဲ့ ပြတ်ဆဲသွားပြီ ဆိုတဲ့အကြောင်း Facebook မှာ Live လွှင့်ကာ ပရိသတ်များကို ပြောပြခဲ့တာ တွေ့ရပါတယ်။ အချိန် ၆ နှစ်ကျော်ကြာ တွဲခဲ့တဲ့ အဆိုတော် ရွှေထူးတို့ ချစ်သူနှစ်ဦးရဲ့ Relationship အချစ်ရေးကို ပရိသတ်များက စိတ်ဝင်စားလို့ နေပါတယ်။
ပရိသတ်စိတ်ဝင်စားမှု ရှိနေတဲ့ အဆိုတော် ရွှေထူးရဲ့ အချစ်ရေး အခြေအနေ ၊ ခံစားချက်များနဲ့ ပတ်သက်ပြီး လက်ရှိ အနုပညာ လှုပ်ရှားမှုများအကြောင်းကို အနုပညာ သတင်းထောက် မန်းသူက အခုလို တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ရွှေထူးက အသဲကွဲ သီချင်းတွေနဲ့ နာမည်ကြီးတယ်။ အသဲကွဲသီချင်းတွေ ပိုရေး ဆိုတာ တွေ့ရတယ်။ အသဲကွဲသီချင်းကို ဘာလို့ ကြိုက်တာလဲ။
ဖြေ။ ။ အသဲကွဲရတဲ့ ဖီလင်ကို ကြိုက်တယ်။ ကိုယ့်ဘက်က မျှော်လင့်ချက် မရှိဘဲ ချစ်ရတာကို ကြိုက်တယ်။ အဓိကတော့ အသဲကွဲရတဲ့ ဖီလင်ကို ကြိုက်တာပေါ့။
မေး။ ။ အခုလတ်တလော ခံစားမှုအသစ်အတွက် သီချင်းအသစ်ရော ထွက်လာနိုင်လား။
ဖြေ။ ။ အခု ခံစားမှုအသစ်အတွက်တော့ သီချင်းအသစ် မထွက်နိုင်ပါဘူး။ သီချင်း အသစ်ကတော့ ထွက်မယ်။ ခုလောလောဆယ် ခံစားမှုနဲ့တော့ မဆိုင်ပါဘူး။ အရင်တုန်းက ခံစားချက်တွေပဲ ထွက်လာမှာပါ။
မေး။ ။ ရွှေထူးက နှလုံးသားနဲ့ ဦးနှောက်မှာ ဘယ်အရာနဲ့ ဆုံးဖြတ်လေ့ရှိလဲ ။ လတ်တလော ဆုံးဖြတ်ချက်တွေကရော နှလုံးသားနဲ့လား၊ ဦးနှောက်နဲ့လား။
ဖြေ။ ။ ဦးနှောက်က အလေးသာသွားပါတယ်။ ဦးနှောက်နဲ့ ဆိုတာက ကျနော် မကောင်းတာပါ။ ကျနော်ကို ကျနော် ပဲ အပြစ်တင်ရင်းနဲ့ ဒီလိုဖြစ်သွားတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း တော်တော်ခံစားရတယ်။ အရမ်းလည်း ဝမ်းနည်းတယ်။ အကုန်လုံးကိုလည်း အားနာတယ်။ အကုန်လုံးကိုလည်း တောင်းပန်ချင်ပါတယ်။
မေး။ ။ အခြေအနေတခု ဖရိုဖရဲ ဖြစ်ပြီးချိန်မှာ ပြန်လည်တည်ငြိမ်ဖို့ ကြိုးစားရတာ သာမန်လူတောင်ခက်ခဲတယ် ။ ရွှေထူး အနေနဲ့ရော ပြန်လည်တည်ငြိမ်ဖို့ ဘယ်လို တည်ဆောက်နေရလဲ။
ဖြေ။ ။ ပင်ပန်းပါတယ်။ တော်တော်လည်း ခက်ခဲပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ ကျနော် ဘာမှမလုပ်ဖြစ်သေးဘူး။ ကိုယ့်စိတ်ကို ဆောက်တည်ပြီး သီချင်းလေးတွေလုပ်ဖြစ်နေတယ်။ သီချင်းလေးတွေပဲ အဖော်ပြုနေတယ်။အိမ်မှာပဲ နေဖြစ်ပါတယ်။
မေး။ ။ ရွှေထူးက ဘဝရဲ့အမှတ်တရတွေကို ခန္ဓာကိုယ်မှာ တက်တူးထိုးလေ့ ရှိတယ်လို့ အရင်က ပြောပြဖူးတယ်။ ခုချိန်မှာ အသစ်ဖြစ်လာမယ့် တက်တူးပုံက ဘာဖြစ်မလဲ။
ဖြေ။ ။ လောလောဆယ်တော့ “ခလုတ်” ဆိုတဲ့ တက်တူးရယ်၊ “Candy” ဆိုတဲ့ တက်တူးရယ် ထိုးထားတယ်။ ခုချိန်မှာ ငါဟာ ခလုတ်တခုများ ဖြစ်နေလားလို့ ခံစားမိနေလို့ သီချင်းလေး ဖြစ်လာတယ်။ တက်တူး ဖြစ်လာမယ်ပေါ့။
မေး။ ။ ခန္ဓာကိုယ်ပေါ်က အမှတ်တရပုံတွေထဲက ပြန်ဖျက်ပစ်မယ့်ပုံရော ရှိလာနိုင်လား။
ဖြေ။ ။ မရှိပါဘူး။ ဘာလို့ဆိုတော့ ဒါက ကျနော့် ဆုံးဖြတ်ချက်နဲ့ကျနော် လုပ်ထားတယ်။ ကျနော် မှန်တယ်ထင်လို့ ကျနော် လုပ်တယ်။ တက်တူးနဲ့ ပတ်သက်လို့တော့ အဲဒီလို မရှိပါဘူး။
မေး။ ။ အမေများနေ့မှာရော ဘာတွေလုပ်ဖြစ်လဲ။ အမေနဲ့ ပတ်သတ်တဲ့ ခံစားချက်ကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ အမေများနေ့မှာ အိမ်မှာ အမေနဲ့ပဲ ရှိတယ်။ လူတိုင်းမှာတော့ အမေရှိတယ်။ အမေများနေ့လို့ သတ်မှတ်တာတော့ ကောင်းပါတယ်ဗျ။ ဒါပေမယ့် ဘယ်လိုပဲ အမေများနေ့လို့ သတ်မှတ် ၊ သတ်မှတ်ပါ။ လူတိုင်းရင်မှာ အမေရှိနေဖို့ပဲ လိုတာပါ။ အမေဟာ ကျနော်ရဲ့ သူငယ်ချင်းလိုပဲ ။ ငယ်ငယ်လေးကတည်းက ခုချိန်ထိ မဟုတ်တာပဲ လုပ်လုပ်၊ ဟုတ်တာပဲ လုပ်လုပ် အမေသိတယ်။ အမေ့ကိုအကုန်ပြောပြတယ်။ အမေနဲ့ သားကြားမှာ အသေးအမွှားလေးကအစ အကုန်ပြောပြတယ်။အမေက ကျနော့်အပေါ် နားလည် အပေးနိုင်ဆုံး လူပဲ။
မေး ။ ။ ရွှေထူး ပရိသတ်ကိုရော ဘာများပြောချင်ပါသေးလဲ။
ဖြေ။ ။ အဓိက ပရိသတ်ကြီးကို ကျနော် ပြောချင်တာက ဒီရက်ပိုင်းမှာ ကျနော်ကိုယ် ကျနော် စိတ်ပြန် စုစည်းနေတယ်။ ပြီးရင် ရုပ်ရှင်ကားတွေ ရိုက်မယ်။ နယ်ရှိုးတွေ ဆိုမယ်။ ကျနော် အပြစ်ပြုမိတဲ့ လူတိုင်းကို ကျနော် တောင်း ပန်ပါတယ်။ ကျနော့်ကို ဖြည့်တွေးပေးကြပါ။ ကျနော် မစဉ်းစား မဆင်ခြင် လုပ်လိုက်တဲ့ အရာ တခုဟာ အကုန်လုံးကို ထိခိုက်စေခဲ့တယ် ဆိုရင် ကျနော် တောင်းပန်ပါတယ်။ နောက်တခါ ထပ်မမှားအောင် ကြိုးစားမှာပါ။ ကြော်ငြာတွေလည်း ရိုက်ထားတယ်။ သီချင်းအသစ်လေး တပုဒ် Share ပေးမယ်။ လူတိုင်းက အမှားနဲ့ မကင်းပါဘူး။ အဲဒီထဲမှာမှ ရွှေထူးက အမှားများတယ်။ အမှားတွေ အကုန်လုံးကို ခွင့်လွှတ်ပေးပါလို့ မတောင်းဆိုပါဘူး။ ဘာမှလည်း မတောင်းဆိုပါဘူး။
The post “အမှားတွေအတွက် ခွင့်လွှတ်ဖို့ မတောင်းဆိုချင်တော့ဘူး”ဆိုတဲ့ အဆိုတော် ရွှေထူး appeared first on ဧရာဝတီ.