အနုပညာရှင် စုံတွဲများထဲမှာ လိုက်ဖက်ညီပြီး ချစ်သူသက်တမ်းလည်း ၉ နှစ်ကြာပြီဖြစ်တဲ့ အဆိုတော် လွှမ်းပိုင်နဲ့ ရက်ပ် အဆိုတော် ထက်ထက်(ခ) Bobby Soxer တို့စုံတွဲရဲ့ ရေရှည်လက်တွဲဖြစ်တဲ့အကြောင်းကို လွှမ်းပိုင်က အခုလို ပြောပြခဲ့ပါတယ်။
“သိပ်ပြီးတော့ ညှိရတာတွေ မရှိပါဘူး။ အဓိကက ပြဿနာ ဖြစ်နိုင်တဲ့ဟာတွေဆို ကျနော်တို့ နှစ်ယောက်က ကြိုက်ကြတာ များတယ်။ ကျနော် ဂိမ်းအရမ်းဆော့တယ်။ တချို့ကောင်မလေးတွေဆို ဂိမ်းမကြိုက်တော့ ပြဿနာ တက်တယ်။ အဲဒီလိုမျိုး မဟုတ်ဘူး။ ကျနော်တို့ နှစ်ယောက်က နှစ်ယောက်စလုံး ဂိမ်းဆော့တယ်။ ကျနော်က အပြင်ထွက်ရတာ သိပ်မကြိုက်ဘူး။ သူကလည်း အဲဒီလိုပဲပေါ့။ အဲဒီလိုမျိုးတွေကြောင့် ဒီလိုမျိုး ရေရှည် လက်တွဲ ဖြစ်ကြတာပေါ့”လို့ လွှမ်းပိုင်က ပြောပါတယ်။
နှစ်ယောက်အတူ လက်တွဲလာတာ ၉ နှစ်ရှိပြီတဲ့ သူတို့စုံတွဲကတော့ ဝါသနာပါတဲ့ ဂီတလမ်းကြောင်းကို တူတူ လျှောက်လှမ်း နေကြပြီး ဝါသနာတူတာကြောင့် ပြဿနာတွေ မဖြစ်ကြဘူးလို့ ပြောပါတယ်။
“တယောက်နဲ့ တယောက် အကြီးအကျယ် ပြဿနာဖြစ်နိုင်တဲ့ အရာမျိုး နားလည်မှု လွဲစေနိုင်တဲ့ အရာမျိုးတွေ မကြိုက်ကြဘူး။ အလုပ်ကလည်း တူတယ်။ အလုပ်ကြောင့် ခွဲရတာမျိုးလည်း မရှိဘူး။ နယ်တွေ ဘာတွေ သီချင်းထွက်ဆိုလည်း တူတူပဲဆိုတော့ ထွေထွေထူးထူး ညှိစရာ မလိုဘူးပေါ့” လို့ ထက်ထက်( Bobby Soxer) က ပြောပါတယ်။
သူတို့နှစ်ယောက် အတူတူ တွဲဖက်သီဆိုထားတဲ့ “ဒုံးပျံ” ဆိုတဲ့ အခွေနဲ့ ပရိသတ်များရဲ့ အားပေးချစ်ခင်မှုကို ရရှိ လာခဲ့ကြတာ ဖြစ်ပြီး ပရိသတ်များကလည်း လိုက်ဖက်တဲ့ စုံတွဲအဖြစ် အားပေးလျက် ရှိပါတယ်။
နောက်ပိုင်းမှာ သီချင်းတွဲဆိုတာ သိပ်မတွေ့ရတော့တာနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါ လွှမ်းပိုင်က “သီချင်းက ခဏခဏ နှစ်ယောက်တွဲပြီး အမြဲဆိုနေတော့ ကြာလာတော့ ရိုးတယ်ပေါ့။ ကိုယ်တွေလည်း ပျင်းလာတယ်။ လိုက်ဖက်မယ့် သီချင်းလေးတွေ ရှိရင်ဆိုဖြစ်မှာပါ” လို့ ပြောပါတယ်။
လွှမ်းပိုင်နဲ့ ထက်ထက် (Bobby Soxer) တို့ စုံတွဲကတော့ အတူတူ လက်တွဲလာခဲ့ကြတာ မေလ ၁၇ ရက်နေ့က ၉ နှစ် ပြည့်လို့ သွားခဲ့ပါပြီ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ချစ်သူသက်တမ်း ၉ နှစ်ပြည့်ပြီဖြစ်တဲ့ လွှမ်းပိုင်နဲ့ Bobby Soxer
The post “အကြိုက်တူတာတွေ များလို့ ရေရှည်လက်တွဲ ဖြစ်ကြတာ”လို့ ပြောတဲ့ လွှမ်းပိုင်တို့ စုံတွဲ appeared first on ဧရာဝတီ.