အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားနဲ့ ဇနီး မီရှယ်အိုဘားမားတို့ဟာ ကမ္ဘာ့ထိပ်တန်းအင်တာနက် ဖျော်ဖြေရေး ဝန်ဆောင်မှုဖြစ်တဲ့ Netflix နဲ့ ပူးပေါင်းပြီး ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ ထုတ်လုပ်ဖို့ တနှစ်ကျော် သက်တမ်းရှိတဲ့ သဘောတူညီချက်တခုကို ရရှိခဲ့ပြီလို့ မေလ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ဇာတ်ညွှန်းရေးသားထားတဲ့ စီးရီးတွေ၊ မှတ်တမ်းရုပ်ရှင်တွေနဲ့ Feature တွေအပါအဝင် ဗီဒီယို မှတ်တမ်းတွေ ထုတ်လုပ်ဖို့ Higher Ground Productions ကိုလည်း ထူထောင်လိုက်ကြပါသေးတယ်။
၂၀၀၉ ခုနှစ်ကစလို့ အိမ်ဖြူတော်မှာ နှစ်ကြိမ်ဆက် သမ္မတတာဝန်ထမ်းဆောင်ခဲ့တဲ့ အိုဘားမားက “ပြည်သူ့ ဝန်ဆောင်မှု လုပ်ဆောင်ခဲ့တဲ့ ကျနော်တို့ရဲ့ ပျော်ရွှင်မှုတခုဟာ ပိုမိုကျယ်ပြန့်တဲ့ ပရိသတ်တွေကို သူတို့ရဲ့ အတွေ့အကြုံတွေ ဝေမျှရာမှာ ကူညီဖို့ သူတို့လျှောက်လှမ်းတဲ့ ဘဝတွေအားလုံးကနေ ထူးခြားတဲ့ လူတွေကို တွေ့ဆုံဖို့ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မီရှယ်နဲ့ ကျနော်ဟာ Netflix နဲ့အတူ ပူးပေါင်းဖို့ စိတ်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်”
“လူတွေကြားက ပိုမိုကြီးမားတဲ့ သနားငဲ့ညှာမှုနဲ့ နားလည်မှုတို့ကို မြှင့်တင်ဖို့နဲ့ တကမ္ဘာလုံးကို သူတို့ရဲ့ ဇာတ်လမ်းတွေ ဝေမျှရာမှာ ကူညီဖို့ အရည်အချင်းရှိတဲ့၊ လေးစားအတုယူဖို့ ကောင်းတဲ့၊ ဖန်တီးနိုင်စွမ်းရှိတဲ့ အသံတွေကို မွေးမြူ၊ လေ့ကျင့်ပေးဖို့ မျှော်လင့်ထားပါတယ်”လို့ ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။
အိုဘားမားဇနီးမောင်နှံဟာ Twitter နဲ့ Instagram တို့မှာ Follower သန်း ၁၅ဝ ကျော်ရှိထားပေမယ့် နိုင်ငံပေါင်း ၁၉ဝ ကျော်မှာ ရယူထားသူပေါင်း ၁၂၅ သန်းရှိတဲ့ Netflix နဲ့အတူ အဲဒီသဘောတူညီမှုဟာ သူတို့ရဲ့လွှမ်းမိုးမှုကို သိသိသာသာ မြင်တွေ့ရမှာပါ။ Netflix ရဲ့ အချက်အလက်အရာရှိချုပ် Ted Sarandos က “ဘားရက်နဲ့ မီရှယ်အိုဘားမားတို့ဟာ ကမ္ဘာ့ရဲ့ အလေးစားခံရပြီး အများက အသိအမှတ်ပြုတဲ့ သူတွေထဲမှာ ပါဝင်ပါတယ်။
“ပြီးတော့ ကွဲပြားမှုကို လုပ်ဆောင်နိုင်တဲ့ လူတွေရဲ့ ဇာတ်လမ်းတွေကို ဖော်ထုတ်ပြီး မီးမောင်းထိုးပြဖို့၊ ကမ္ဘာကြီးအတွက် ပိုကောင်းတဲ့အပြောင်းအလဲကို ဖော်ဆောင်ဖို့ သူတို့ကို ဂုဏ်ယူစွာနဲ့ နေရာပေးလိုက်တာ လည်း ဖြစ်ပါတယ်”လို့ ပြောကြား ထားပါတယ်။
အဲဒီကြေညာချက်ထဲမှာ ငွေကြေးဘယ်လောက်ရမယ် ဆိုတာနဲ့ပတ်သက်လို့ ဖော်ပြထားတာ မရှိပေမယ့် အိမ်ဖြူတော်မှာ အိုဘားမားတို့ နေထိုင်ခဲ့စဉ် အကြောင်းနဲ့ ပတ်သက်လို့ ဖော်ပြရေးသားထားတဲ့ စာအုပ်က အမေရိကန် ဒေါ်လာ သန်း ၆ဝ ကျော်ဖိုး အမြတ်ငွေရရှိခဲ့ပြီး အဲဒီငွေတွေကို ခွဲဝေနေပြီလို့လည်းဆိုပါတယ်။
အများက စောင့်မျှော်နေပြီး မီရှယ်အိုဘားမားကိုယ်တိုင် ရေးသားထားတဲ့ အမှတ်တရ စာအုပ်ကတော့ လာမယ့် နိုဝင်ဘာ ၁၃ ရက်မှာ ထွက်ရှိလာမယ်လို့ ထုတ်လုပ်သူ Penguin Random House က ဆိုထားပါတယ်။ အိုဘားမားဇနီးမောင်နှံဟာ လက်ရှိသမ္မတ Donald Trump နဲ့ အခြားရှေးရိုးစွဲ လူတွေကို တန်ပြန်တိုက်ခိုက်ဖို့ Netflix ကို အသုံးပြုဖို့ စီစဉ်ထားတာပဲ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သတ်လို့ “ကျနော်တို့ ပတ်ဝန်းကျင်မှာရှိနေတဲ့ ကမ္ဘာကြီး အကြောင်းကို မတူကွဲပြားစွာ တွေးတောနိုင်စေဖို့ ၊ ကျနော်တို့ရဲ့ စိတ်နှလုံးသားကို ဖွင့်တဲ့နေရာမှာ ကူညီဖို့၊ တခြားသူတွေကို မေတ္တာထားဖို့၊ ကျနော်တို့လေးစားအားကျရမယ့် ဇာတ်လမ်း ဖော်ပြမှုကိုလည်း အလေးပေးမှာ ဖြစ်တယ်လို့ သမ္မတကတော်ဟောင်းက ပြောဆိုထားပါတယ်။
Ref: asiaone
The post Netflix နဲ့တွဲပြီး ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေထုတ်ဖို့ သဘောတူလိုက်တဲ့ အိုဘားမားတို့ စုံတွဲ appeared first on ဧရာဝတီ.