ဘောလိဝုဒ်ကနေ ဟောလိဝုဒ်အထိ ရောက်လာတဲ့ မင်းသမီး Priyanka Chopra နဲ့ အမေရိကန် အဆိုတော်၊ မင်းသား Nick Jonas တို့ရဲ့ သူငယ်ချင်း ဆက်ဆံရေးဟာ အချစ်ရေးအဖြစ် အသွင်ပြောင်းသွားပုံ ရပါတယ်။
အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပခဲ့တဲ့ 2017 Met Gala မှာ အတူပွဲတက်လာခဲ့တဲ့ သူတို့စုံတွဲဟာ အဲဒီ အချိန်တုန်းကတော့ တွဲနေတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချခဲ့ပြီး မကြာသေးမီအထိ သူတို့နှစ်ဦးဟာ သူငယ်ချင်းတွေသာ ဖြစ်တဲ့အကြောင်း မင်းသမီး Chopra ကိုယ်တိုင် ပြောကြားထားပါ။
ဒါပေမယ့် ဘောလိဝုဒ်မှာ ကျင်လည်ခဲ့ပြီး အခုဟောလိဝုဒ်ကို ရောက်ရှိလာခဲ့တဲ့ မင်းသမီး Chopra ကတော့ အဆိုတော် Nick နဲ့ တကယ့်အချစ်ဇာတ်လမ်း စတင်လိုက်ကြပုံရတယ်လို့ သတင်းရင်းမြစ်တချို့က ဆိုပါတယ်။ America’s Memorial Day သီတင်းပတ်ကုန်ပိုင်းမှာ သူငယ်ချင်းတွေနဲ့အတူ လှေတစင်းပေါ် Nick နဲ့အတူ မင်းသမီးကို မြင်တွေ့ခဲ့ရ ပြန်ပါတယ်။ ပြီးတော့ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့၊ စနေနေ့ညမှာ ပြုလုပ်ခဲ့တဲ့ Los Angeles Dodgers ပြိုင်ပွဲကို လက်ချင်းချိတ်ပြီး တက်ရောက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။
Baywatch ရုပ်ရှင်မင်းသမီး Chopra ဟာ ၂၀၀၀ ပြည့်နှစ်ရဲ့ မယ်ကမ္ဘာဆု ရရှိခဲ့သူဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်၊ အဆိုတော်၊ ရုပ်ရှင်ထုတ်လုပ်သူလည်း ဖြစ်ပါတယ်။ ဘောလိဝုဒ်အနုပညာလောကရဲ့ အနုပညာကြေး အမြင့်ဆုံး မင်းသမီးဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာ့ပါဝါအရှိဆုံးအမျိုးသမီး ၁၀၀ စာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
ABC ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ Quantico ဇာတ်လမ်းတွဲမှာပါဝင်ခဲ့ပြီး အနောက်တိုင်း ဇာတ်လမ်းတွဲတခုမှာ ခေါင်းဆောင် မင်းသမီး အဖြစ် ပထမဆုံး ပါဝင်နိုင်ခဲ့တဲ့ တောင်အာရှ အမျိုးသမီး ဖြစ်ခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ ဂီတလောကထဲကို ရောက်ရှိခဲ့တဲ့ Nick Jonas ကတော့ အစ်ကို တွေဖြစ်တဲ့ Joe, Kevin တို့နဲ့ ပူးပေါင်းပြီး Jonas Brothers ဆိုတဲ့ အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။
ဂီတလောကမှာလည်း အောင်မြင်ခဲ့တဲ့ Nick ဟာ Jumanji: Welcome to the Jungle ရုပ်ရှင်မှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
Ref: aceshowbiz
The post လက်ချင်းချိတ်ပြီး ပရိသတ်ရှေ့ပွဲထွက်လာခဲ့တဲ့ Nick Jonas နဲ့ Priyanka Chopra တို့စုံတွဲ appeared first on ဧရာဝတီ.