မင်းသား Lee Seung Gi (လီဆောင်းဂီ) နဲ့ မင်းသမီး Suzy (ဆူဇီ) တို့ဟာ ဇာတ်လမ်းတွဲတခုမှာ အတူတူ ပြန်လည် ပါဝင်လာကြဦးမှာ ဖြစ်ပါတယ်။ ဇွန်လ ၅ ရက်နေ့မှာပဲ သူတို့ သရုပ်ဆောင်နှစ်ဦးဟာ မကြာခင် ပြသတော့မယ့် “Vagabond” ဆိုတဲ့ ဒရာမာမှာ ခေါင်းဆောင် မင်းသား၊ မင်းသမီးများ အဖြစ် ပါဝင်လာမှာ ဖြစ်ပါတယ်။
“Vagabond” ဒရာမာကတော့ ထူးဆန်းတဲ့ လေယာဉ်ပျက်ကျမှု တခုကို စုံစမ်းဖော်ထုတ်ရတဲ့ စုံစမ်းစစ်ဆေးရေးမှာ ပါဝင်ခဲ့တဲ့ လူတယောက်က ကိုရီးယားနိုင်ငံရဲ့ ကြီးမားတဲ့ အကျင့်ပျက်ခြစားမှုကြီးကို ဖော်ထုတ်နိုင်ခဲ့တဲ့ အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။
ဒီဇာတ်လမ်းတွဲမှာတော့ မင်းသား Lee ဟာ သိုင်းပေါင်းစုံ တတ်မြောက်ထားပြီး ခါးပတ်နက်ရရှိထားတဲ့ စတန့်သမား Cha Gun အဖြစ်ပါဝင်မှာ ဖြစ်ပါတယ်။ သူဟာ မမျှော်လင့်ဘဲ လေယာဉ်ပျက်ကျမှုတခုမှာ ပါဝင်ခဲ့ရာကနေ အဲဒီ မတော်တဆမှု နောက်ကွယ်မှာ ရှိနေတဲ့ လျှို့ဝှက်ကိစ္စတခုရဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ ဖြစ်လာပါတော့တယ်။ မင်းသမီး Suzy ကတော့ အမျိုးသားထောက်လှမ်းရေးအဖွဲ့အေးဂျင့် Go Hae Ri အဖြစ်ပါဝင်မှာ ဖြစ်ပါတယ်။
သူဟာ ဖခင် ကွယ်လွန်ပြီးတဲ့နောက် မိခင်နဲ့ မောင်လေး၊ ညီမလေးတွေကို ထောက်ပံ့ဖို့ အဆင့် ၇ ရှိ အစိုးရဝန်ထမ်း ဖြစ်လာခဲ့သူပါ။ တရားဝင် လူသိရှင်ကြား အေးဂျင့်တဦးအဖြစ် တာဝန်ထမ်းဆောင်လိုခဲ့ပေမယ့် အမှုတွေကို စုံစမ်း ဖော်ထုတ်တဲ့ နေရာမှာ အမည်ဝှက်နဲ့ လှုပ်ရှားရမယ့် အေးဂျင့်တဦးအဖြစ် တာဝန်ထမ်းဆောင်ရဖို့ ဖြစ်လာခဲ့ပါတယ်။
“Vagabond” ဇာတ်လမ်းတွဲကတော့ “Gu Family Book” ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်နှစ်ဦးအတွက် ပြန်လည်ဆုံစည်းကြမယ့် ဇာတ်လမ်း တခုလည်း ဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Yoo In Sik ဖြစ်ပါတယ်။ နောက်ထပ် ပါဝင်မယ့် အဓိက သရုပ်ဆောင် တဦးက Shin Sung Rok ဖြစ်ပြီးတော့ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် Ki Tae Woong အဖြစ်ပါဝင်ဖို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။
နိုင်ငံတကာမှာ ဖြန့်ချီဖို့ကတော့ Sony Pictures ရုပ်ရှင်ထုတ်လုပ်ရေးက တာဝန်ယူထားပါတယ်။ “Vagabond” ဇာတ်လမ်းတွဲကို ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့မှာ ပူးတွဲထုတ်လွှင့်သွားဖို့ ရည်ရွယ်ထားပါတယ်။
Ref:soompi
The post ဇာတ်လမ်းတွဲတခုမှာ အတူ မြင်တွေ့ရဦးမယ့် မင်းသား Lee Seung Gi နဲ့ မင်းသမီး Suzy appeared first on ဧရာဝတီ.