ကမ္ဘာကျော် Pop အဆိုတော် Ariana Grande နဲ့ Saturday Night Live အစီအစဉ်တင်ဆက်သူ Pete Davidson ဟာ ချစ်သူသက်တမ်း ၁ လနီးပါးအကြာမှာပဲ စေ့စပ်လိုက်ကြပြီလို့ သိရပါတယ်။
အစီအစဉ်တင်ဆက်သူ Davidson က ကာလကြာရှည် လက်တွဲခဲ့တဲ့ ချစ်သူ Cazzie David နဲ့လမ်းခွဲပြီး အဆိုတော် Ariana Grande ကလည်း Rap အဆိုတော် Mac Miller နဲ့ လမ်းခွဲပြီးတဲ့နောက် လွန်ခဲ့တဲ့ ၁ လခန့်ကစလို့ ပွဲတော်တော်များများမှာ သူတို့နှစ်ဦးကို တွေ့မြင်ခဲ့ကြရတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့မှာတော့ Davidson က Instagram မှာ Harry Potter ဝတ်စုံ ဝတ်ဆင်ထားတဲ့ သူတို့ နှစ်ဦးရဲ့ ဓာတ်ပုံကိုတင်ခဲ့ပြီး ပုံစာမှာလည်း “လျှို့ဝှက်အခန်းကြီးပွင့်သွားပြီ” လို့ ရေးသားခဲ့ကာ သူတို့ အချစ်ရေးကို လူသိရှင်ကြား ကြေညာခဲ့ပါတယ်။ အခုလိုမျိုး သူတို့နှစ်ဦးရဲ့ စေ့စပ်လိုက်တဲ့ သတင်းထွက်ပေါ်လာခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့ မှာတော့ Grande က “ကျမ ရှင့်ကိုချစ်တယ်” ဆိုတဲ့ Message ကို Twitter မှာ တင်ခဲ့တာကို တွေ့ရပါတယ်။
Davidson ဟာ မကြာသေးခင်ကပဲ သူတို့နှစ်ဦးဟာ ရင်းနှီးကျွမ်းဝင်တဲ့ အနေနဲ့ အာတာပူစီ အတူစားနေတဲ့ ဓာတ်ပုံကို Instagram မှာ တင်ခဲ့ပေမယ့် Grande ကိုတော့ Tag ချိတ်ပေးခဲ့တာတော့မရှိပါဘူး။ သူတို့နှစ်ဦးဟာ တဦးချင်းစီရဲ့ Instagram ပို့စ်တွေမှာ Like နဲ့ မှတ်ချက်တွေ ပေးလေ့ရှိကြပါတယ်။
သတင်းရင်းမြစ်တခုက “မကြာသေးခင်က စေ့စပ်လိုက်တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ အချစ်ကိုရှာဖွေတွေ့ရှိခဲ့ကြပြီး တချိန်လုံး တဦးကို တဦး ပျော်ရွှင်အောင် ထားနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ဒီအကြောင်းနဲ့ ပတ်သက်လို့ စတင်ပြောဆိုခဲ့ကြတာပါ။ သူတို့ဖုံးကွယ်ထားတာတော့မဟုတ်ပါဘူး” လို့ People မီဒီယာကို ပြောကြားခဲ့ ပါတယ်။
တခြား သတင်းရင်းမြစ် တခုကတော့ Davidson နဲ့ Grande တို့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ မင်းသား Robert Pattinson က တည်ခင်းဧည့်ခံတဲ့ ပါတီတခုမှာ သူတို့ရဲ့ စေ့စပ်လိုက်တဲ့အကြောင်း လူတွေကို ပြောပြခဲ့ကြတယ်လို့ Us Weekly ကို ပြောခဲ့ပါတယ်။
သတင်းရင်းမြစ်တွေကို ကိုးကားပြီး Us Weekly က “သူတို့ဟာ အလျင်စလို လက်ထပ်မှာ မဟုတ်ပါဘူး။ သူတို့နှစ်ဦးဟာ အချိန်ကြာကြာ စေ့စပ်မှုကိုပဲ မျှော်လင့်ထားတာပါ” လို့ ပြောကြားခဲ့ပါတယ်။
အဆိုတော် Ariana Grande ဟာ မတ်လအတွင်းကလည်း သူ့ရဲ့ချစ်သူ Mac Miller နဲ့ ကိုယ်ဝန် လွယ်ထားရပြီဆိုတဲ့ ကောလာဟလ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
ဆက်စပ် သတင်းလင့်ခ် –
ကမ္ဘာကျော် အဆိုတော် Ariana Grande မှာ ကိုယ်ဝန်ရနေပြီဟု ကောလာဟလများ ထွက်ပေါ်
Ref:CNA
The post ချစ်သူသက်တမ်း ၁ လအကြာမှာ စေ့စပ်လိုက်တဲ့ အဆိုတော် Ariana Grande appeared first on ဧရာဝတီ.