ယခုနှစ် ၂၀၁၈ ခုနှစ်ဟာ ဟောင်ကောင် အဆိုတော်၊ သရုပ်ဆောင် Karen Mok Man-wai အတွက် အနုပညာသက်တမ်း ၂၅ နှစ် ပြည့် မြောက်တဲ့နှစ် ဖြစ်ပါတယ်။
Karen Mok Man-wai အနုပညာ လုပ်ငန်းတွေ စတင် လုပ်ကိုင်ခဲ့စဉ် အချိန် ကာလတုန်းက ပေါ့ပ်စတားတွေဟာ အနုပညာလုပ်ငန်းကနေ နုတ်ထွက်တဲ့သူက နုတ်ထွက်၊ သမိုင်း အဖြစ် ကျန်ရစ်သူက ကျန်ရစ်ခဲ့ကြပေမယ့် Mok ကတော့ အခုလက်ရှိ အချိန်အထိ အနုပညာလုပ်ငန်းမှာ ထွန်းလင်းတောက်ပနေဆဲဖြစ်ပြီး လုပ်ငန်းတွေချဲ့ထွင်တာနဲ့ အားကျ လောက်တဲ့ ကိုယ်ရေးသမိုင်းတခုကို တည်ဆောက်လျက်ရှိနေဆဲ ဖြစ်ပါတယ်။
သူဟာ ဂျက်ကီချန်း၊ Wong Kar Wai နဲ့ Keanu Reeves တို့လို တကယ့်နာမည်ကျော်တွေနဲ့အတူ သရုပ်ဆောင်ခဲ့ဖူးသလို တရုတ်ဂီတရဲ့ ဂရမ်မီဆုလို့ တင်စားကြတဲ့ ထိုင်ဝမ်ရဲ့ Golden Melody Awards မှာလည်း အကောင်းဆုံးအမျိုးသမီး အဆိုတော်ဆု ရရှိခဲ့ဖူးသူဖြစ်ပါတယ်။
အခုတော့ အဆိုတော် Mok ဟာ ငွေရတုတိုင်ခဲ့ပြီဖြစ်တဲ့ အနုပညာသက်တမ်းကို Album သစ် တခုဖြန့်ချိပြီး ကျင်းပခဲ့ပြီ ဖြစ်ပါတယ်။ သူက အခုလိုမျိုး နှစ်ပတ်လည်ကို ဂုဏ်ပြုဖို့ အခုနှစ် ဇွန်လကစလို့ ၂၀၁၉ ခုနှစ်အထိ ကမ္ဘာတခွင် နယ်လှည့်ပွဲတွေ ပြုလုပ်သွားမယ်လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ မေ ၃၁ ရက်တုန်းကတော့ Mok ဟာ ပေကျင်းမြို့မှာ မိနစ် ၉၀ ကြာမြင့်ခဲ့တဲ့ Live Show တခုကို ပြုလုပ်ခဲ့ပြီး သူ့ရဲ့ နာမည်ကျော်ကြားတဲ့ သီချင်း ၁၀ ပုဒ်ကို သီဆိုဖျော်ဖြေခဲ့ပါတယ်။ ပရိသတ် ၃ သန်းလောက် အဲဒီအစီအစဉ်ကိုအွန်လိုင်း ဗီဒီယိုဝေမျှတဲ့ Platform ၃ ခုကနေ ကြည့်ရှုခဲ့ကြပါတယ်။
အဆိုတော် Mok ဟာ ဘေကျင်းအခြေစိုက် သီချင်းရေးဆရာနဲ့ ဂီတထုတ်လုပ်သူ Zhang Yadong နဲ့ တွဲဖက်ပြီး Half in Heaven, Half on Earth လို့အမည်ရတဲ့ သီချင်းတပုဒ်ကို ဖန်တီးခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ တရုတ် ခေတ်ဟောင်း တေးတွေကို ပြန်လည်သီဆိုထားတဲ့ Hui Wei ဆိုတဲ့ Album ကို ဖြန့်ချိခဲ့ပါတယ်။
အဲဒီနောက် သူ့ရဲ့ Baby ဆိုတဲ့ အယ်လ်ဘမ်ဟာ ၂၂ ကြိမ်မြောက်ထိုင်ဝမ် Golden Melody Awards မှာ အကောင်းဆုံး အမျိုးသမီးအဆိုတော်ဆုကို ရရှိစေခဲ့သည်အထိ အောင်မြင်စေခဲ့ပါတယ်။
ဆုကို လက်ခံရယူချိန်မှာပဲ Mok ဟာ မကြာခင်လက်ထပ်တော့မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ သူဟာ အီတလီနိုင်ငံမှာ စတင်ဆုံစည်းခဲ့တဲ့ ဂျာမန်လူမျိုး Johannes Natterer နဲ့လက်ထပ်ခဲ့ပါတယ်။ နောက်ထပ် ဖြန့်ချိ ခဲ့တဲ့ အယ်လ်ဘမ်တွေမှာဆိုရင် ကိုရီးယားလူငယ်အဆိုတော်အဖွဲ့ဝင် တရုတ်လူမျိုး Zhang Yixing နဲ့ လူငယ်အဆိုတော် Li Ronghao တို့လိုမျိုး ငယ်ရွယ်တဲ့ ဂီတပညာရှင်တွေနဲ့လည်း ပူးပေါင်းထုတ်လုပ်ထားတာတွေရှိပါတယ်။
ဟောင်ကောင်မှာ မွေးဖွားခဲ့တဲ့ Mok ဟာ တရုတ်၊ ဝေးလ်၊ ဂျာမန်နဲ့ ပါရှန်း နွယ်ဖွားဖြစ်ပြီး ငယ်စဉ်ကတည်းက ဖျော်ဖြေ တင်ဆက်သူ ဖြစ်ချင်ခဲ့တာလို့ ဆိုပါတယ်။ အဆိုတော်၊ မင်းသမီး Mok ဟာ ရုပ်ရှင်ပေါင်း ၅ဝ ကျော်မှာ ပါဝင်သရုပ်ဆောင် ခဲ့ပြီး Album ပေါင်း ၂၀ ကျော်ကိုလည်း ဖြန့်ချိခဲ့ပါတယ်။
ကိုရီးယားမင်းသားချော Song Seung Heon (ဂျွန်စော) နဲ့ ရိုက်ကူးခဲ့တဲ့ So Close ရုပ်ရှင်ဟာဆိုရင် အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသ တို့မှာ အထူးအောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ အခုလိုမျိုး ထင်ရှားကျော်ကြားသူ တယောက် ဖြစ်လာတာ သူ့အတွက်တော့မလွယ်ကူခဲ့ပါဘူး။
၁၉၉၃ ခုနှစ်မှာ ပွဲဦး ထွက်အယ်လ်ဘမ်ကို ဖြန့်ချိခဲ့ပေမယ့် ဂီတချစ်မြတ်နိုးသူတွေ အကြိုက်မတွေ့ခဲ့ဘဲ သူ့ရဲ့ Husky အသံနဲ့ တမူထူးခြားတဲ့ အကြည့်တွေကြောင့် လူစိတ်ဝင်စားမှု မခံခဲ့ရပါဘူး။
ဒါပေမယ့် ကတုံးတုံးပစ်တာမျိုးလို ထူးခြားတဲ့ စတိုင်ကို ဖန်တီးခဲ့တဲ့ Mok ဟာ သူ့ရဲ့ Album တွေထဲမှာ တရုတ်ရိုးရာ ဂီတတူရိယာပစ္စည်းတွေ ကို ထည့်သွင်းအသုံးပြုတတ်သူတယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ဖြန့်ချိခဲ့ပြီး အင်္ဂလိပ်နဲ့ မန်ဒရင်း တရုတ်ဘာသာတွေနဲ့ သီဆိုထားတဲ့ “Somewhere I Belong” Album မှာတော့ နာမည်ကျော် ဂီတာပညာရှင် Eric Clapton နဲ့လည်း တွဲဖက်အလုပ်လုပ်ထားပါတယ်။
Ref: chinadaily
The post အနုပညာသက်တမ်း ၂၅ နှစ်ပြည့် ကမ္ဘာလှည့် ဖျော်ဖြေမယ့် ဟောင်ကောင် အဆိုတော် Mok appeared first on ဧရာဝတီ.