တွဲဖက်ဒါရိုက်တာအဖြစ် လုပ်ကိုင်လာရင်း ပထမဆုံး ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကား “ကျွန်တော်တို့ ချစ်သော” ရုပ်ရှင်မှာ တပ်မတော်သားတွေရဲ့ နေထိုင်မှုပုံစံကို ပုံဖော်ထားပြီး တပ်မတော်သားတွေ ကလည်း လူထဲက လူပါပဲဆိုတာကို ရိုက်ပြ ထားတယ်လို့ ဒါရိုက်တာ ဝင်းဆောင် (နေကြာရိုင်း) က ဧရာဝတီကို ပြောပါတယ်။
“အရင်ဆုံး ဇာတ်ရှာတယ်။ ဇာတ်ရတဲ့ အခါကျတော့ ပရိုဂျူဆာရယ်၊ မင်းသားရယ်နဲ့ တိုင်ပင်ကြတယ်။ ပြီးတော့ ရိုးရိုး သာမန်ကား မဟုတ်တဲ့အတွက် စစ်တပ်ကို တင်ရတယ်။ အဲဒီလို တင်ပြီးတော့ သူတို့ရဲ့လမ်းညွှန်မှုနဲ့ ဆက်လုပ်တာပါ။ ဒီကားရဲ့ အဓိက ရည်ရွယ်ချက်ကတော့ တပ်မတော်သားတွေရဲ့ နေထိုင်မှု ပုံစံလေးတွေကို အဓိက ပုံဖော်ချင်တာပါပဲ။ တပ်မတော်သား ဆိုတာကလည်း လူထဲက လူပါပဲ”လို့ ဒါရိုက်တာ ဝင်းဆောင် (နေကြာရိုင်း) က ပြောပါတယ်။
အခု လက်ရှိ ရုံတင်ပြသလျက်ရှိတဲ့ ဇာတ်ကားများမှာ ဟာသကား ၊ဒရမ်မာ၊ အက်ရှင်နဲ့ အချစ်ကားများသာ ရုံတင် ပြသလျက်ရှိပြီး “ကျွန်တော်တို့ ချစ်သော”ဇာတ်ကားအတွက်က ဘယ်လို မတူညီတဲ့ ပုံစံကို ပေးနိုင်မလဲ ဆိုတာကို ဒါရိုက်တာ ဝင်းဆောင် (နေကြာရိုင်း) က အခုလို ပြောပြထားပါတယ်။
“လက်ရှိမှာတော့ ဟာသကားတွေ များတယ်။ အက်ရှင်ကားဆိုလည်း ရိုးရိုးအက်ရှင်ကားတွေ များတယ်။ အဲဒီထဲကမှ ဒီကားလေးကတော့ စစ်အက်ရှင် ဒရမ်ကားပေါ့။ ပရိသတ်ကိုလည်း မတူညီတဲ့ ပုံစံလေးတွေ ပြချင်တယ်။ အက်ရှင်တွေ မြောက်များစွာ ရှိတယ်။ အဲဒီထဲကမှ ဒီစစ်ကားလေးသည် တခြားအက်ရှင်တွေနဲ့ မတူတဲ့ စစ်ကားလေးပေါ့။ ဒရမ်မာတွေလည်း ပါတယ်” လို့ ဒါရိုက်တာ ဝင်းဆောင်(နေကြာရိုင်း) က ပြောပါတယ်။
ဒီကားကတော့ သူ့ရဲ့ပထမဆုံး ကိုယ်တိုင် ရိုက်ကူးပုံဖော်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး အရင်က တွဲဖက်ဒါရိုက်တာ အဖြစ် အက်ရှင်ကားများ၊ ဒရမ်မာကားများ ရိုက်ကူးခဲ့တယ်လို့ ပြောပါတယ်။
“ရုပ်ရှင်ကားကတော့ ဒါက ပထမဆုံးကားပါ။ ဆရာဦးစိုးမိုးနဲ့တော့ လက်ရှိ “ကမ္မဗလ” ဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်နေတယ်။ အရင်က“ကွမ်းလုံရက် ၄၀” တို့ “ကြယ်စင်မော်ကွန်း” တို့မှာ တွဲဖက်ဒါရိုက်တာ အနေနဲ့ လုပ်ခဲ့ဖူးပါတယ်။ “ကျွန်တော်တို့ ချစ်သော”ကတော့ ကျနော့်ရဲ့ ပထမဆုံးကားပါ” လို့ ဒါရိုက်တာ ဝင်းဆောင်(နေကြာရိုင်း) ကပြောပါတယ်။
အဆိုပါ “ကျွန်တော်တို့ ချစ်သော”ရုပ်ရှင်ကားကို ဇွန်လ ၁၄ ရက်နေ့မှစတင်ကာ JCGV ရုပ်ရှင်ရုံများမှာ ပြသသွားမှာ ဖြစ်ပါတယ်။
The post “တပ်မတော်သားတွေကလည်း လူထဲက လူပါပဲ”ဆိုတဲ့ ဒါရိုက်တာ ဝင်းဆောင် (နေကြာရိုင်း) appeared first on ဧရာဝတီ.