သရုပ်ဆောင် ကျော်ကျော်ဗိုက ဇာတ်ကရင်းနဲ့ မတော်တဆမှု တခုကြောင့် ကျိုးပြီး အနည်းငယ်စောင်းသွားတဲ့ နှာခေါင်းရိုးကို ပြန်လည်ခွဲစိပ်ပြုပြင်ထားတာကြောင့် မျက်နှာပုံစံ အနည်းငယ် ပြောင်းနေတာဖြစ်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။
ကျော်ကျော်ဗိုက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဇာတ်ကရင်း မတော်တဆအမှားတခုကြောင့် နှာခေါင်းရိုးကို ထိခိုက်မိပြီး နှာခေါင်းပုံစံအနည်းငယ်ပျက်နေခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် နှာခေါင်းရိုးကို ပြန်လည်ပြုပြင်ခဲ့ရတာလို့ ဆိုပါတယ်။ ဒါ့အပြင့် ကျော်ကျော်ဗိုက အရင်က ဆေးလိပ်သောက်ပြီး အခုအခါမှာ ဆေးလိပ်ကိုလည်း ဖြတ်လိုက်ပြီလို့လည်း ပြောပါတယ်။
နှာခေါင်းရိုး ပြုပြင်ထားပြီး ရုပ်ပြောင်းသွားတာနဲ့ ပတ်သက်လို့ ကျော်ကျော်ဗိုက “ဆေးလိပ်ကတော့ လုံးဝပြန်သောက်ဖို့ အစီအစဉ် မရှိတော့ပါဘူး။ ကျနော်က မလုပ်တော့ဘူး ဆိုရင် လုံးဝကို ပြန် မလုပ်တော့တာပါ။ အဲဒါကြောင့် အစားဖက် ပိုလှည့်ဖြစ်နေပြီး နှာခေါင်းရိုးကိုလည်း ပြန်တည့်ထားတော့ မျက်နှာပြည့်လာပြီး ရုပ်ပြောင်းသလို ဖြစ်သွားတာပေါ့”လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ကျော်ကျော်ဗိုဟာ “Ride On Myanmar” အစီအစဉ်နဲ့ ထိုင်း၊ စင်ကာပူ၊ မလေးရှားနိုင်ငံ ၃ နိုင်ငံကို သွားရောက်ဖို့ ရှိနေပြီး ဇွန်လ ၁၆ ရက်နေ့မှာ စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။
“ကျနော်က ခရီးသွားရတာကို ဝါသနာပါတာ။ငယ်ငယ်ကတည်းက ကျောင်းပိတ်ရင် ဖေဖေတို့ ဇာတ်နောက်တွေ လိုက်တယ်။ နယ်ရောက်ရင် အရမ်းပျော်တာ။ ဒါကြောင့် ခရီးသွားအစီအစဉ်တွေ လုပ်ဖြစ်တယ်။ ကျနော့် ဝါသနာနဲ့လည်း ထပ်တူကျတာပေါ့။ အခု ဒီခရီးစဉ်တွေက ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေဆိုတော့ တော်တော်များများလည်း ရောက်ဖူး ပြီးသားတွေလေ”လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
“အပေါ်ယံကြည့်ရင်တော့ သိပ်မထူးဆန်းဘူး။ ဒါပေမယ့် ဒီနိုင်ငံရဲ့ လူဦးရေ ၃ ချိုး၊ ၂ ချိုးကတော့ မရောက်ဖူးဘူး။ အဲ့ဒါ ကတော့ ကျိန်းသေတယ်။ ကျေးလက်နေပြည်သူတွေ များကြတာကိုးနော်။သူတို့ကိုတော့ ကြည့်စေချင်တာပေါ့။ ကိုယ့် အိမ်နီးချင်းနိုင်ငံတွေ ဘယ်လိုနေထိုင်မှု အကျင့်စရိုက်တွေနဲ့ နေထိုင်ကြလဲ။ ဘယ်လိုတိုးတက်ဖို့ လုပ်နေကြလဲဆိုတာကို ကျနော်က ပြန်ပြီး Share ချင်တာပါ။ ထိုင်း၊ ကန်ချနာပူရီဆိုရင်လည်း ကျနော်က တောင်းဆိုထားတာလေ။ ကျနော်သွားချင်တာ” လို့လည်း ကျော်ကျော်ဗိုက ဆိုပါတယ်။
ခရီးတွေထွက်ရတာ ဝါသနာပါတဲ့ ကျော်ကျော်ဗိုက ဒီတခေါက်ခရီးစဉ်မှာ မိသားစုကိုလည်းခေါ်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ခရီးသွားတဲ့အခါ ပင်လယ်ဘက်နဲ့ တောင်တွေရောနေတဲ့ နေရာမျိုးကို သွားရောက်လည်ပတ်ရတာကို ပိုမို ကြိုက်နှစ်သက်ပြီး အသက်ကြီးလာရင်လည်း အဲဒီလိုနေရာတွေကို သွားရောက်လည်ပတ်ဦးမယ်လို့ ဆိုပါတယ်။
ဆက်စပ် သတင်းလင့်ခ် –
နိုင်ငံ ၃ ခု ခရီးစဉ် ဆက်သွားမယ့် “Ride On Myanmar” နဲ့ ကျော်ကျော်ဗို
The post ဇာတ်ကရင်း ထိခိုက်မိတဲ့အတွက် နှာခေါင်းရိုး ပြင်ထားရတဲ့ ကျော်ကျော်ဗို appeared first on ဧရာဝတီ.