ကမ္ဘာကျော် အဆိုတော် Adele ဟာ ဇွန်လ ၁၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Grenfell Tower မီးလောင်မှု တနှစ်ပြည့် အထိမ်း အမှတ်ပွဲကို ဝမ်းနည်းပူဆွေး နေတဲ့သူတွေနဲ့အတူ ပါဝင်တက်ရောက်ခဲ့ပါတယ်။
လန်ဒန်မြို့မှာရှိတဲ့ အဲဒီတာဝါမှာ မီးလောင် မှုကြောင့် လူ ၇၂ ဦး သေဆုံးခဲ့ရမှုကို UK နိုင်ငံတဝန်းမှာ အထိမ်းအမှတ် အခမ်းအနားတွေ ပြုလုပ်ကျင်းပခဲ့ကြပြီး “ Hello” အဆိုတော် Adele လည်း အခုလိုမျိုး ထိခိုက်ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့တဲ့နေရာကို ရောက်ရှိလာခဲ့တာ တွေ့ရပါတယ်။
အဆိုတော် Adele ဟာ Simon နဲ့ Garfunkel တို့ရဲ့ Bridge Over Troubled Water သီချင်းနဲ့ Bill Withers ရဲ့ “Lean On Me” သီချင်းတို့ကို သံပြိုင်တေး သီဆိုနေကြတဲ့ လူအုပ်ကြီးနဲ့အတူ ပူးပေါင်းပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီလူအုပ် ထဲမှာ Rap အဆိုတော် Stormzy ကိုလည်း တွေ့ခဲ့ရတယ်လို့ သတင်းတွေမှာ ဆိုပါတယ်။
မီးဘေးမှ အသက်ရှင် ကျန်ရစ်သူတွေအတွက် ထောက်ခံသူတဦး ဖြစ်လာခဲ့တဲ့ Adele ဟာ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၄ ရက် နေ့မှာ မီးလောင်မှု ဖြစ်ပွားပြီး နောက်တရက်မှာပဲ မီးဘေးသင့်သူတွေကို နှစ်သိမ့်ပေးဖို့ မီးလောင်မှု ဖြစ်ပွားရာ နေရာကို ရောက်ရှိလာခဲ့ဖူးပါတယ်။
ဒါ့အပြင် အခုလိုမျိုး ဖြစ်ရပ်ဆိုးကြီးကို ကြုံတွေ့လိုက်ရတဲ့ ကလေးတွေကို နှစ်သိမ့်ပေးဖို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ “Despicable Me 3” အထူးပွဲကို သီးသန့်ပြသပေးခဲ့ပါတယ်။ မီးဘေးကြောင့် အိမ်ခြေမဲ့ ဖြစ်ခဲ့ရတဲ့ မိသားစုတွေကို အိမ်ရာ ပြန်လည်ချထားပေးနိုင်ခြင်းမရှိတဲ့အတွက် အစိုးရအရာရှိတွေကိုလည်း အဆိုတော် Adele က ပြစ်တင် ပြောဆိုတာတွေ လုပ်ခဲ့ပါတယ်။
ဝင်ဘလေ အားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲ တခုမှာ သူက “သူတို့ ရသင့်ရထိုက်တာတွေ ရနေပြီလို့ ကျမတို့ မထင်ပါဘူး။ စိတ်ဆိုးစရာ ကောင်းပါတယ်။ ဘယ်သတင်းကိုမှ အားမရပါဘူး။ လူတွေက အကူအညီမဲ့ နေသလို ခံစား နေရပါတယ်။ အဲဒီမှာသူတို့ ဘာတွေလုပ် နေကြတယ် ဆိုတာကိုလည်း ဘယ်သူကမှ မသိကြပါဘူး တကယ့်ကို ကမ္ဘာ ပျက်နေတာပါပဲ” လို့ ပြောကြားခဲ့ဖူးပါတယ်။
Ref: aceshowbiz
The post Grenfell Tower မီးလောင်မှု တနှစ်ပြည့် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ အဆိုတော် Adele appeared first on ဧရာဝတီ.