မော်ဒယ်၊ အလှမယ် မေမြတ်နိုးကတော့ အနုပညာ လှုပ်ရှားမှုများကို ဖြည်းဖြည်းနဲ့ မှန်မှန်လေး လုပ်နေပြီး အောင်မြင်မှုဆီကို မြန်မြန်ရောက်ရင် မြန်မြန်ပြုတ်ကျတာမျိုး မလိုချင်တဲ့အတွက် ဖြည်းဖြည်းမှန်မှန် ကြိုးစား နေတယ်လို့ ပြောပါတယ်။
သူမဟာ စင်ကာပူမှ အေဂျင်စီတခုနဲ့ တွဲဖက်ကာ အနုပညာအလုပ်များ လုပ်နေပြီး မကြာခင်မှာလည်း မဂ္ဂဇင်းတခုနဲ့ ဓာတ်ပုံ ရိုက်သွားဖို့ရှိတယ်လို့ သိရပါတယ်။
“ဖြည်းဖြည်းချင်းပေါ့။ တခုပြီး တခုပေါ့။ အခုမြန်မာနိုင်ငံမှာလည်း အနုပညာလှုပ်ရှားမှုတွေ ကြိုးစားနေတဲ့အတွက် မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အချစ်ကို အရင်လိုချင်ပါတယ်။ ဒီက ပရိသတ်တွေက ချစ်တာကိုလည်း လိုချင်တယ်။ နိုင်ငံခြားမှာလည်း ကြိုးစားကြည့်ချင်တယ်။ ၂ ခုလုံး မျှလုပ်နေတာဆိုတော့ ဖြည်းဖြည်းချင်း စီသွားမှ မြန်မြန် ရောက်သွားရင် မြန်မြန်ပြုတ်ကျတာမျိုး မလိုချင်လို့ပါ” လို့ မေမြတ်နိုးက ပြောပါတယ်။
လတ်တလောမှာလည်း သူမ အနေနဲ့ 25% ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးနေပြီး ၇၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့ သိရပါတယ်။
“လတ်တလောကတော့ 25% ဇာတ်ကားကြီးရိုက်ကူးနေပါတယ်။ မြတ်နိုးဒီကားထဲမှာ ကာရိုက်တာ ၂ မျိုး ပြောင်းပြ ရတယ်။ အဲဒီ ၂မျိုးကို ကွဲပြားအောင် ပြောင်းပြရတဲ့အတွက် နည်းနည်းလေးတော့ ပင်ပန်းပါတယ်။ ဒါပေမယ့် ဒါရိုက်တာရဲ့ ကြိုးပမ်းမှု၊ ကျန်တဲ့ သရုပ်ဆောင်တွေရဲ့ ပံ့ပိုးမှုနဲ့ သေချာလုပ်ထားပါတယ်” လို့ပြောပါတယ်။
မေမြတ်နိုးကတော့ အနုပညာအလုပ်များကို ရပ်လိုက်လို့မရဘဲ အဆက်မပြတ်အောင် လုပ်နေရပြီး ရပ်ထားလိုက်ပါက ပြန်လုပ်ဖို့အတွက် ခက်သွားတယ်လို့ ပြောပါတယ်။
“အနုပညာအလုပ်ဆိုတာ အမြဲတမ်းလေ့လာနေရတယ်။ လေ့ကျင့်ပေးနေရတယ်။ ကိုယ်ရပ်လိုက်ပြီဆိုရင် ပြန်ခေါ်ဖို့ ဆိုတာ အရမ်းခက်ပါတယ်။ အဲဒီအတွက် အဆင်မပြတ်အောင် လုပ်နေပါတယ်” လို့ မေမြတ်နိုးက ပြောပါတယ်။
အလှမယ် မေမြတ်နိုးဟာ ၂၀၁၃ ခုနှစ်မှာ အိပ်မက်ဆုံရာ သီချင်းဆိုင်ပြိုင်ပွဲ၊ ၂၀၁၄ ခုနှစ်မှာ Miss Asia Pacific အလှမယ်ပြိုင်ပွဲ စတဲ့ ပြိုင်ပွဲများကို ဝင်ရောက် ယှဉ်ပြိုင်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာသူ တဦး ဖြစ်ပါတယ်။
The post မြန်မြန် ပြုတ်ကျတာမျိုး မလိုချင်လို့ ဖြည်းဖြည်းမှန်မှန် ကြိုးစားနေတဲ့ မေမြတ်နိုး appeared first on ဧရာဝတီ.