မူရင်းဇာတ်လမ်းထွက်ရှိခဲ့ပြီး ၁၄ နှစ် ကြာညောင်းခဲ့ပြီးနောက် အများက စောင့်စားနေကြတဲ့ “Incredibles 2” Animation ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းရဲ့ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ စံချိန်တင် အမေရိကန် ဒေါ်လာ သန်း ၁၈၀ နဲ့ မျှော်မှန်းထားတာထက် ကျော်လွန်ပြီး ရုံဝင်ငွေ ရရှိခဲ့တာကို တွေ့ရပါတယ်။
The Hollywood Reporter မီဒီယာရဲ့ အဆိုအရ ဒေါ်လာ ၁၃၅ သန်း အဖွင့်ဝင်ငွေ ရရှိခဲ့ဖူးတဲ့ “Finding Dory” ရုပ်ရှင်ကို ကျော်တက်နိုင်ခဲ့တဲ့ Animation ရုပ်ရှင်တခု ဖြစ်ရုံသာမက Pixar ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ အသက် ၁၃ နှစ်အရွယ် ကလေးများ ကြည့်ရှုရန် မသင့်ဆိုတဲ့ PG-13 ရုပ်ရှင် မဟုတ်တဲ့ ရုပ်ရှင်သမိုင်းမှာ အကြီးမားဆုံး ပွဲဦးထွက် ဝင်ငွေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
နိုင်ငံတကာ ဈေးကွက်မှာတော့ ဒေါ်လာ ၅၁ ဒဿမ ၅ သန်း ရရှိထားပြီးတော့ ပထမဆုံး ဖြန့်ချိတဲ့ သီတင်းပတ် အတွင်းမှာပဲ ကမ္ဘာတဝန်း ရုံဝင်ငွေ ဒေါ်လာ ၂၃၁ ဒဿမ ၅ သန်း ရရှိထားပြီး ဖြစ်ပါတယ်။ Disney ရုပ်ရှင်ထုတ်လုပ်ရေး အကြီးအကဲ Cathleen Taff က “ဒီရုပ်ရှင်ဟာ လူအတိုင်းအတွက် ရည်ရွယ်ပါတယ်။ လူကြီးနဲ့ ဆယ်ကျော်သက်တွေ အပါအဝင် ပရိသတ် အတန်းအစာ အားလုံးထံကို မရောက်ရှိနိုင်ဘဲနဲ့ ဒီအဆင့်ကို ရောက်ရှိလာမှာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ညနေခင်းတိုင်းဟာ Animation ရုပ်ရှင်အများစုထက် တောင့်တင်း ခိုင်မာနေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
ရုံဝင်ငွေစာရင်း လေ့လာသူ Paul Dergarbedian က “ဒီရုပ်ရှင်ဟာ တကယ့်လက်တွေ့နဲ့ Animation တို့ရဲ့ ပေါင်းစပ်မှုတို့ ပါရှိမယ့် ဟီးရိုးပါဝါကို ပြသမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ Pixar နဲ့ Disney တို့ရဲ့ ပေါင်းစပ်မှုဟာ ဂန္တဝင်မြောက်ပြီး ရုံဝင်ငွေ တိုးစေမယ့် ဈေးကွက်နဲ့ ဖြန့်ချိမှု ဗျူဟာကို အောင်နိုင်ခဲ့ပါတယ်” လို့ ပြောဆိုပါတယ်။
ဒုတိယနေရာမှာရှိနေတဲ့ ရုပ်ရှင်ကတော့ ဖြန့်ချိပြီး ဒုတိယသီတင်းပတ်မှာ ကန် ဒေါ်လာ ၁၉ ဒဿမ ၅ သန်းရရှိထားတဲ့ “Ocean’s 8” ရုပ်ရှင်ဖြစ်ပါတယ်။ မြောက်အမေရိက ရုံဝင်ငွေမှာတော့ စုစုပေါင်း ဒေါ်လာ ၇၉ သန်း ရရှိထားပြီး ဖြစ်ပါတယ်။ ဟာသ ဇာတ်မြူးရုပ်ရှင် “Tag” ကတော့ ဒုတိယ သီတင်းပတ်ကုန်ပိုင်းမှာ ဒေါ်လာ ၁၉ ဒဿမ ၆ သန်းနဲ့ တတိယနေရာမှာ ရှိနေပါတယ်။
ရုံဝင်ငွေ ဒေါ်လာ ၉ ဒဿမ ၃ သန်းနဲ့ တတိယနေရာမှာ “Solo: A Star Wars Story” ရုပ်ရှင်က ရပ်တည်နေပါတယ်။ Deadpool 2 ရုပ်ရှင်ကတော့ ဖြန့်ချိပြီး သီတင်း ၅ ပတ်အကြာ ပဉ္စမနေရာမှာ ဒေါ်လာ ၈ ဒဿမ ၆ သန်းနဲ့ ရပ်တည်နေ ပါတယ်။ မြောက်အမေရိကဒေသမှာ စုစုပေါင်း ရုံဝင်ငွေ ဒေါ်လာ ၂၉၄ ဒဿမ ၅ သန်း ရရှိထားပြီးလည်း ဖြစ်ပါတယ်။
Ref:etcanada
The post မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ဒေါ်လာ သန်း ၁၈၀ နဲ့ ဦးဆောင်နေတဲ့ “Incredibles 2” appeared first on ဧရာဝတီ.