အကယ်ဒမီ လူမင်းက မြန်မာ့ရုပ်ရှင်လောကနဲ့ ပတ်သက်ပြီး ယခုနောက်ပိုင်းမှာ မြန်မာ့ရုပ်ရှင်ကို အားပေးကြည့်ရှုတဲ့ ပရိသတ်များအနေနဲ့ ရွေးချယ်ခွင့် အများကြီးရှိသွားပြီး အနုပညာရှင်များ ဘက်မှ အကောင်းဆုံး ကြိုးစားသွားဖို့လိုတယ်လို့ ပြောပါတယ်။
“ပရိသတ်တွေက ရွေးချယ်ခွင့် အများကြီး ရှိသွားပါပြီ။ ရုပ်ရှင်ကားတွေဆိုရင်လည်း ဒီကား မကြည့်ချင်၊ ဟိုကား ရွေးချယ်ခွင့် အများကြီး ရှိသွားပြီဆိုတော့ ကိုယ်တို့တွေဘက်ကပဲ ကြိုးစားဖို့လိုတယ်။ ပရိသတ် ကြိုက်အောင် ကိုယ်တို့ဘက်က အကောင်းဆုံး ကြိုးစားသွားမယ်ဆို ပရိသတ်ကြိုက်အောင် အရင်လို မဟုတ်တော့ဘူးလေ။ ပရိသတ်က ရုပ်ရှင်ရိုက်ကွင်းကအစ တီးမိခေါက်မိသွားပြီဆိုတော့ ပရိသတ်က ရွေးချယ်ရမှာ သူတို့အပိုင်း၊ ကြိုးစားရမှာ ကိုယ်တို့ တာဝန် ဖြစ်သွားပြီ” လို့ လူမင်းက ဆိုပါတယ်။
သရုပ်ဆောင် လူမင်းက မကြာခင်မှာလည်း ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးမယ့် “အချစ်နှစ်” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ မိန်းမ၂ ယောက်ကြား ဗျာများရတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
“ဒီကားမှာက ကျနော်က သူဌေးတယောက်က မြေတောင်မြှောက်ပေးလို့ ဆင်းရဲရာကနေ ကြီးပွားလာပြီးတော့ သူဌေးရဲ့ သမီးနဲ့ နေရာချပေးခြင်း ခံရတာပေါ့နော်။ နေရာချပေးပြီးတော့ နယ်က ကိုယ့်ရဲ့ချစ်သူနဲ့ ပြန်တွေ့တော့ မလွန်ဆန်နိုင် ၂ဖက် ကြားမှာ ဗျာများရတဲ့ ဟာသဇာတ်ကား လေးပါပဲ” လို့ လူမင်းက ပြောပါတယ်။
“အချစ်နှစ်” ဆိုတဲ့ဇာတ်ကားထဲမှာတော့ လူမင်း ၊ ခန့်စည်သူ၊ အိချောပို၊ ရွှေသမီးတို့နဲ့ အတူ တခြားဟာသ သရုပ်ဆောင် များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အဲဒီ “အချစ်နှစ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မူလက “တလင် တမယား” ဆိုတဲ့နာမည်ပေးထားပေမယ့် ဆင်ဆာခွင့်ပြုချက် မရတာကြောင့် “အချစ်နှစ်” ဆိုတဲ့ နာမည်နဲ့သာ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
The post “ရုပ်ရှင်ကြည့် ပရိသတ်တွေက ရွေးချယ်ခွင့် အများကြီး ရှိသွားပြီ” လို့ ဆိုတဲ့ လူမင်း appeared first on ဧရာဝတီ.