ဒါရိုက်တာ ကြည်ဖြူသျှင်က ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၃ နှစ်ပြည့်မွေးနေ့ကို သူ့ရဲ့ Facebook ကတဆင့် မွေးနေ့ ဆုတောင်းပေးခဲ့ပါတယ်။ ဒါ့အပြင် ဒါရိုက်တာ ကြည်ဖြူသျှင်က သူ့ရဲ့ တပည့်ဖြစ်သူ သရုပ်ဆောင် အောင်ရဲလင်းရဲ့ အသက် ၃၀ နှစ်ပြည့် မွေးနေ့ကို မွေးနေ့ဆုတောင်း စကားလည်း ရေးသား ခဲ့ပါတယ်။
“ကျမက အစာအိမ်ရောဂါ ရှိတဲ့အတွက် ဒီနေ့ နေမကောင်းနေတာနဲ့ ဘယ်မှ မသွားဖြစ်ဘူး။ ကျမ ချစ်သော အမေ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ ကျမရဲ့ ချစ်တပည့် အောင်ရဲလင်း မွေးနေ့ အမှတ်တရ ကုသိုလ် အဖြစ် နေပြည်တော်မှာ တည်ထားတဲ့ ‘ထာဝရငြိမ်းချမ်းရေးစေတီတော်မြတ်ကြီး’ အတွက် အလှူငွေ – ၁၀ သိန်းကျပ်ကို ရွှေပါရမီတောရ ဆရာတော် – အရှင်ဆန္ဒာဓိက ဆရာတော်ဘုရားမှ တဆင့် လှူဒါန်းသွားပါ့မယ်။ မွေးနေ့မှာ လှူချင်ပေမယ့် မွေးနေ့မှာ ဘုရားဌာပနာ ပိတ်ပွဲ အခမ်းအနားနဲ့ကြောင့် ပြီးမှပဲ လှူဒါန်းသွားပါ့မယ်။ အမေစု မွေးနေ့တိုင်းမှာတော့ အမှတ်တရ ဖြစ်အောင်လုပ်ပေးဖြစ်ပါတယ်”လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆိုပါတယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ သူပြုလိုက်တဲ့ ကောင်းမှုကုသိုလ် အကျိုးတွေကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ချစ်တပည့် သရုပ်ဆောင် အောင်ရဲလင်းတို့လည်း ကောင်းကျိုး လိုအင်ဆန္ဒပြည့်ဝပါစေ ဆိုပြီး ဧရာဝတီကို ပြောပါတယ်။

“ကျမ Facebook မှာ ရေးထားသလိုပါပဲ။ အမေ ဒေါ်အောင်ဆန်းစုကြည်၊ အမေစု အသက်ရှည်ပါစေ၊ ကျန်းမာပါစေ။ အမေစု ဖြစ်စေချင်တဲ့ ငြိမ်းချမ်းတဲ့ မြန်မာပြည်ကြီး အမြန်ဖြစ်ပါစေ။ ချစ်တပည့် အောင်ရဲလင်း ကောင်းကျိုး လိုအင်ဆန္ဒ ပြည့်ဝပါစေ။ မြန်မာနိုင်ငံသားများ အားလုံး ငြိမ်းချမ်းစွာဖြင့် ကျန်းမာ ပျော်ရွှင်ကြပါစေ။ ကျမ တပည့် အောင်ရဲလင်းလည်း ကောင်းမွန်တဲ့ လိုအင်ဆန္ဒ ပြည့်ဝပါစေ” လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
ဒါရိုက်တာကြည်ဖြူသျှင်ဟာ နိုင်ငံတော်အကျိုးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဝင် တဦးအဖြစ် သူတတ်ကျွမ်းတဲ့ အနုပညာအလုပ်တွေနဲ့အတူ တဖက်တလမ်းကနေ ကူညီပါဝင် ဆောင်ရွက်နေသူ တဦး ဖြစ်ပါတယ်။
အဲ့ဒီနောက် ၂၀၁၇ ခုနှစ်အတွင်းကလည်း “ဇာတိမြေ” ဆိုတဲ့ ဂျပန်-မြန်မာ ချစ်ကြည်ရေး ရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံရှိ နေရာများမှာ သွားရောက် ရိုက်ကူးခဲ့ပါတယ်။ ဇာတိမြေ ရုပ်ရှင်ဇာတ်ကားဟာ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ခံစားချက်တွေကို ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။
“ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ရန်အောင်၊ အောင်ရဲလင်း၊ ဝတ်မှုံရွှေရည်တို့နဲ့ အတူ မြန်မာပြည်ဖွား ဂျပန်မင်းသား မိုရီဆာကီဝင်း (ခ) အဝင်းလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
The post ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ ဒါရိုက်တာ ကြည်ဖြူသျှင် appeared first on ဧရာဝတီ.