ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ “America’s Got Talent” အစီအစဉ်မှာ အသက် ၁၃ နှစ်အရွယ် ပြိုင်ပွဲဝင် အဆိုတော် ကောင်လေး Jeffrey Li က တကယ်လို့များ အခုပြိုင်ပွဲရဲ့ ပထမဆုကြီးဖြစ်တဲ့ ဒေါ်လာ ၁ သန်းကို ရမယ်ဆိုရင် ခွေးဝယ်မယ်လို့ ရှင်းပြတဲ့အချိန် အေးတိအေးစက်နေတတ်တဲ့ ဒိုင်လူကြီး Simon Cowell ရဲ့ နှလုံးသားကို နွေးထွေးစေခဲ့ ပါတယ်။
ပြိုင်ပွဲဝင် အဆိုတော် Li က “ကျနော်က တဦးတည်းသော သားပါ။ ဒါကြောင့် ကျနော်က အဖော်မင်ပါတယ်။ ဒါ့ကြောင့် ခွေးတကောင် လိုချင်ပါတယ်” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ခွေးချစ်သူ တယောက်ဖြစ်တဲ့ ဒိုင်လူကြီး Simon ကလည်း တကယ်လိုမျိုး ကောင်းကောင်းဆိုနိုင်မယ်ဆိုရင် ခွေးဝယ် ပေးမယ့် အကြောင်း၊ ဝယ်မယ့်ခွေးကိုလည်း အတူတူရွေးကြမယ့်အကြောင်း Li ကိုအားပေး ပြောကြားခဲ့ပါတယ်။ ပြိုင်ပွဲဝင် Li ဟာ ၂၀၁၃ ခုနှစ်မှာ Josh Groban ပြန်လည်သီဆိုခဲ့တဲ့ “You Raise Me Up” သီချင်းနဲ့ ယှဉ်ပြိုင်ဖို့ ရွေးချယ် ခဲ့ပါတယ်။ အဲဒီသီချင်းကို အဆင်ပြေပြေ သီဆိုဖို့ မလွယ်ကူပေမယ့် ပြိုင်ပွဲဝင် Li ဟာ ကြည့်ရှုနေတဲ့ ပရိသတ်အားလုံးကို အံ့သြ မင်သက် စေခဲ့ပါတယ်။
အမြင့်သံနဲ့ အဆုံးသတ်ခဲ့တဲ့ ယှဉ်ပြိုင်မှုမှာတော့ ပရိသတ်အားလုံးက ပြိုင်ပွဲဝင် Li ရဲ့သီဆိုယှဉ်ပြိုင်မှုကို မတ်တပ်ရပ် အားပေးခဲ့ကြပါတယ်။ ဒိုင်လူကြီးတဦးဖြစ်တဲ့ Heidi Klum က “Jeffrey၊ မင်းကတော့ Simon ဆီကနေ ခွေးလေး တကောင် ရတော့မယ်လို့ ထင်တယ်” လို့ ပြိုင်ပွဲဝင်သီချင်း သီဆိုမှုအပြီးမှာ စိတ်လှုပ်ရှားစွာ ပြောဆိုခဲ့ပါတယ်။
ဒိုင်လူကြီး Howie Mandel က “လူငယ်အမျိုးသား Celine Dion” ဆိုပြီး ချီးကျုးခဲ့သလို ဒိုင်လူကြီး Mel B ကလည်း “နတ်သားတပါး သီချင်းဆိုနေသလိုပဲ” လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဂုဏ်ပြုချီးကျူးမှု အများဆုံးပြုလုပ်ခဲ့သူက Simon ဖြစ်ပါတယ်။
Simon က “Jeffrey၊ ဒါဟာ အံ့သြလောက်ဖွယ် လူရွေးပွဲတခုလို့ ငါထင်တယ်။ ဒါကြောင့် ငါ့ကတိ ငါတည်ရတော့မယ်။ Yes ၄ ခ ုရရုံသာမက ခွေးအသစ်တကောင်လည်း ရပြီလေ” လို့ ပြောဆိုခဲ့ပါတယ်။ “You Raise Me Up” သီချင်း အဆိုတော် Josh Groban ကလည်း ဒီအစီအစဉ်ကို ကြည့်ရှုပြီးတဲ့နောက် သူက “ကောင်းလိုက်တာ၊ Jeffery ရေ၊ ဂုဏ်ယူပါတယ်”လို့ Twiiter မှာ ချီးကျူးပြောဆိုခဲ့ပါတယ်။
“America’s Got Talent” အစီအစဉ်ကို NBC ရုပ်သံလိုင်း ကနေ အင်္ဂါနေ့တိုင်းမှာ အမေရိကန် အနောက်ဘက် ကမ်းရိုးတန်း စံတော်ချိန် ည ၈ နာရီဆိုရင် ပြသနေပြီဖြစ်ပါတယ်။
Ref: etcanada
The post “America’s Got Talent” မှာ ဒိုင်လူကြီး Simon ဆီက ခွေးလက်ဆောင်ရမယ့် ပြိုင်ပွဲဝင် ကောင်လေး appeared first on ဧရာဝတီ.