ဒီတခါမှာတော့ IMDB rating (7.9) ရရှိထားတဲ့ မှုခင်းဒရာမာ ရုပ်ရှင်အမျိုးအစား ရုပ်ရှင်ဇာတ်လမ်းတွဲတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာ Danny Cannon အပါအဝင် ဒါရိုက်တာ ၂၆ ယောက်တို့က ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။
ဒီရုပ်ရှင်ဇာတ်လမ်းတွဲဟာ လက်ရှိအချိန်အထိတော့ Season-4 ထိထွက်ရှိထားတာဖြစ်ပြီး DC Comics ရဲ့ စူပါဟီးရိုး တဦးဖြစ်သူ Batman ရဲ့ငယ်ဘဝက Gotham မြို့အကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Batman ဖြစ်လာမယ့် Bruce Wayne ရဲ့ငယ်ဘဝကို မြင်တွေ့ရမှာဖြစ်ပြီး ရှုပ်ထွေးပွေလီပြီး ဒုစရိုက်မှုတွေပေါများတဲ့ Gotham မြို့အကြောင်းကို ကျစ်လစ်ခိုင်မာတဲ့ ဇာတ်အိမ်၊ ဇာတ်ကောင်စရိုက်တွေ စုံစုံလင်လင်နဲ့ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲဟာ စစကြည့်ကြည့်ချင်း Season-1 မှာ ဇာတ်လမ်းသဘောအရ အနည်းငယ် အေးစက်စက်နိုင်တယ်လို့ ထင်ရပေမယ့် ဆက်လက်ကြည့်ရှုရမယ့် Season-2 နဲ့ Season-3 တွေမှာတော့ မထင်မှတ်ထားတဲ့ ဇာတ်လမ်း အပြောင်းအလဲတွေ၊ ဇာတ်ကောင်အသစ်တွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာ ဖြစ်ပါတယ်။
Batman ရဲ့အဓိကဗီလိန်တွေ ဖြစ်တဲ့ Penguin, Riddler, Poison, Scarecrow, Mr.Freeze တို့ ဘယ်လို ဖြစ်လာလဲ ဆိုတာကို အသေးစိတ်ရိုက်ကူး ဖော်ပြထားတာကိုလည်း ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ Gotham မြို့ရဲ့ ရှုပ်ထွေး များမြောင် လှတဲ့ ဒုစရိုက်မှု အရှုပ်တော်ပုံတွေကိုတော့ Gotham ရဲဌာနက စုံထောက်နှစ်ဦးဖြစ်တဲ့ James Gordon နဲ့ Bullock တို့က တွဲဖက်ပြီး ဖြေရှင်းကြတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ထိ ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်လမ်းတွဲဟာ Batman မဖြစ်ခင် ငယ်ဘဝကို ရိုက်ကူးထားတာ ဖြစ်တဲ့အတွက်ကြောင့် တခြားသော စူပါဟီးရိုး ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ကွဲထွက်နေတာကိုတော့ ကြည့်ရှုသူတွေ သတိပြုမိကြမှာပဲ ဖြစ်ပါတယ်။
ဒီရုပ်ရှင် ဇာတ်လမ်းတွဲကို ကြည့်ချင်တယ်ဆိုရင်တော့ Season-1 ကနေ 3 အထိကို iflix မှာ တင်ဆက်ထားတာကြောင့် iflix ကနေလည်း သွားရောက်ကြည့်ရှုလို့ ရပါတယ်ဆိုတာကို သတင်းပေးရင်း ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ညွှန်းဆိုပေး လိုက်ပါတယ်။
The post Batman မတိုင်ခင် မြို့တမြို့အကြောင်း (သို့မဟုတ်) Gotham TV Series (2014-2017) appeared first on ဧရာဝတီ.