ပရိသတ်အားလုံးက စိတ်ဝင်စားနေတဲ့ ပရိသတ်အချစ်တော် မင်းသားတဦးဖြစ်တဲ့ အကယ်ဒမီ နေတိုးကတော့ သူ့ရဲ့အချစ်ရေးဟာ သို့လောသို့လော ဖြစ်နေတာလေးက ပိုကောင်းပါတယ်လို့ ပြောပါတယ်။
“အသိပေးတဲ့အချိန်ကျမှ သိစေချင်တယ်။ အားလုံးရှေ့ကို ရောက်လာမှာပါ။ အဲဒီလို အားလုံးရှေ့ကို ရောက်လာမှာ ဆိုတော့ ပရိသတ်တွေအနေနဲ့ တွေးဆပြီးတော့ စဉ်းစားလို့ရအောင်။ မေးခွန်းတခုကို အဖြေတခု မဟုတ်ဘဲ ချန်လှပ် ပြီးတော့ ပြောတာဟာ ပိုပြီးတော့ Feel လို့ကောင်းတယ်။ သို့လောသို့လောလေးက ပိုကောင်းပါတယ်။ တယောက်တမျိုး စီပေါ့” လို့ နေတိုးက ပြောပါတယ်။
ချစ်သူရှိနေပြီး ချစ်သူကတော့ အပြင်လောကကဖြစ်ကာ အချိန်တန်တဲ့အခါမှာတော့ ပရိသတ်ရှေ့ကို ရောက်လာမှာပါလို့ နေတိုးက ပြောပါတယ်။
“ပုံစံကိုတော့ အတိအကျပြောဖို့က ခဲယဉ်းပါတယ်။ ကျနော်ကြိုက်တဲ့ပုံစံံနဲ့ ပရိသတ်ကြိုက်မယ့်ပုံစံ တထပ်တည်း ကျမယ်လို့ မျှော်လင့်ပါတယ်။ အနုပညာလောကထဲကတော့ မဟုတ်ဘူး။ အဓိကကတော့ ပေါင်းရမယ့်သူ နှစ်ဦးရဲ့ စိတ်ခံစားမှုက အရေးကြီးပါတယ်” လို့ နေတိုးက လက်ရှိချစ်သူပုံစံနဲ့ ပတ်သက်ပြီး ပြောပါတယ်။
သူငယ်ချင်းအပေါင်းအသင်းတွေ မင်္ဂလာဆောင်တာတွေ့ရင် အားကျမိတာရှိပြီးတော့ သူ့ကိုတော့ အပေါင်းအသင်း တွေက အချစ်ရေးနဲ့ ပတ်သက်ပြီး စနောက်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ “နိုင်ငံကြီးသား” ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်ဖို့ရှိပြီး မကြာခင်မှာလည်း ဗီယက်နမ်မင်းသမီး ငုရင်ထရန်ဟုရန်မေနဲ့အတူ တွဲဖက် သရုပ်ဆောင်ထားတဲ့ “တိမ်တိုက်တံတား” ရုပ်ရှင်ဇာတ်ကားကြီး ကလည်း ရုံတင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကားရဲ့ Trailer ထွက်ရှိခဲ့ပြီးနောက်တွင် ဗီယက်နမ် မင်းသမီးနဲ့ သရုပ်ဆောင်ထားတာတွေဟာ အရမ်း Romantic ဖြစ်တဲ့ ဇာတ်ဝင်ခန်းတွေပါတဲ့အတွက် စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြမယ့် ရုပ်ရှင်ဇာတ်ကားကြီးလည်း ဖြစ်ပါတယ်။
The post “ကျနော် အချစ်ရေးကို သို့လောသို့လော ထင်နေတာက ပိုကောင်းပါတယ်”လို့ဆိုတဲ့ နေတိုး appeared first on ဧရာဝတီ.